▪︎စစ်ကောင်စီတပ်က Mi-35ရဟတ်ယာဥ်ဖြင့်စစ်ကူပေး
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်ရှိ ချပ်ကြီးရွာ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့မနက်တွင်PDFများက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ အောင်မြင်မှုရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“အကြမ်းဖျဉ်းကတော့ ကန့်ဘလူခရိုင် တပ်ရင်း(၂)နဲ့ ပကဖ တွေအားလုံးပေါင်းပြီး ချက်ကြီးကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတာပေါ့။ အောင်မြင်ပါတယ်။ အခုကတော့ လေယာဉ်နဲ့ ပြန်ဝိုက်လို့ ပြန်ဆုတ်နေရတဲ့ အနေအထား ဖြစ်နေတယ်။အခြားအသေးစိတ် အချက်အလက်တွေကိုတော့ အတိအကျမသိသေးလို့နော်” ဟုအထက်ပါ PDF က People’s Spring သတင်းဌာနသို့ပြောသည်။
တိုက်ပွဲ၌ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်အခြေအနေများကို မသိရသေးဘဲ ၊ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒေသကာကွယ်ရေးရဲဘော်က ပြောသည်။
“လေယာဉ်နဲ့ လာပစ်ကူတာ။ MI-35နဲ့ အဲဒီ နားလေးက တပ်ကုန်းတို့ ဆားကျင်းတို့ ပိတောက်ပင်တို့ အဲဒီနားလေးတစ်ဝိုက်ကို လေယာဉ်နဲ့ ပစ်သွားတယ်။MI-35နဲ့”ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ချပ်ကြီးရွာသည် ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်း၌ တည်ရှိပြီး ယနေ့မနက်တွင် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသတွင်း သတင်းများဖော်ပြနေသည့် Infinity Groupက ဖော်ပြသည်။
ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်များက ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်နေရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။
