ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာကိုစစ်ကောင်စီတပ်ကမတ်လ ၁ ရက်တွင် ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၁၃၅ ဦးအားဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ရှရော်ခကျေးရွာကို ယမန်နေ့(မတ်လ ၁ရက်)ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်အင်အား ၅၀ ထက်မနည်းက သေနတ်များပစ်ဖောက်ဝင်ရောက်လာ ဒေသခံများကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းကရွာအတွင်းဝင်ရောက်စီးနင်းနေချိန်တွင် ကျန်စစ်ကြောင်းတစ်ကြောင်းကရွာအပြင်တွင်စောင့်နေကြောင်းလည်းဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။
“ ၁၃၅ ယောက်ကို ဖမ်းသွားတာပါ။ လူသားဒိုင်းအနေနဲ့ လုပ်ချင်တာထင်တယ်။ ပြန်မလွှတ်သေးဘူး။ အရင်ကတော့တစ်ယောက်ကို ၄သိန်း ၅သိန်း နဲ့ ပြန်ရွေးထုတ်ခိုင်းပြီး ဂွင်ဖန်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများတွင်လူငယ်အများအပြားပါဝင်နေပြီး မိန်းကလေးငယ်များလည်းပါဝင်ကြောင်း သိရသည်။ ဖမ်းဆီးခံလိုက်ရသူများသည် ရေးမဆေးကျောက်ရှာဖွေသူအများစုဖြစ်ပြီးKIA၊PDFတို့နှင့်ဆက်စပ်သူများမဟုတ်ကြောင်း ဒေသခံများကပြောသည်။
ရှာရော်ခ ကျေးရွာတွင် ပြည်သူ ၄၀၀ ကျော်နေထိုင်ပြီး တစ်ရာကျော်ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်းလည်းသိရသည်။
ယနေ့(မတ်လ၂ရက်) နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး၍ စိုးရိမ်နေရကြောင်းဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။
