ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဒေသခံများအား လူသားတံတိုင်းလုပ်ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ညပိုင်းတွင်ထုတ်ပြန်သည်။
ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် နေ့စဉ် စစ်ရေးသတင်းတွင် ဖေဖော်ဝါရီ ၁၆ရက်က ကြာအင်းဆိပ်ကြီးမြို့နယ် ဒါလီကျေးရွာနှင့် ထီးမူးခီးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းကို ဖော်ပြသည်။
KNLA ပူးပေါင်းတပ်နှင့် ဇရဲအခြေစိုက် ခမရ (၅၆၆)တပ်ရင်းမှ သက်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ဦး ဦးစီးသည့် ရန်သူ့တပ်သား အင်အား ၅၀ ခန့်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ချိန်တွင် စစ်ကောင်စီတပ်က ဒါလီကျေးရွာနှင့် ထီးမူးခီး ရွာနေပြည်သူများအား လူသားတံတိုင်းလုပ် အကာအကွယ်ယူကာ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြသည်။
ထိုသို့ ဆုတ်ခွာသွားပြီးနောက် အမျိုးသမီးနှင့် ကလေးငယ် အပါအဝင် ရွာသူ၊ ရွာသား ခြောက်ဦးခန့် ပျောက်ဆုံးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ညပိုင်း၌ ထုတ်ပြန်သည်။
