ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သီပေါမြို့နယ် မြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင်တစ်ဆိုင် မနေ့ကညနေပိုင်းက ဆိုင်သိမ်းချိန်မှာ ဓားပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။
သီပေါမြို့မ ဈေးမှာဖွင့်ထားတဲ့ ရီရှင်းရွှေဆိုင် ဓားပြတိုက်ခံရတာဖြစ်ပြီး ရွှေချိန် ၆ ပိဿခန့်ပါသွားတယ်လို့လည်းသိရပါတယ်။
ရီရှင်းရွှေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကလည်း ဓားပြတိုက်ခံခဲ့ရပြီး ဒီတစ်ကြိမ် ဟာ ဒုတိယအကြိမ် ထပ်ကြုံရတာလည်းဖြစ်ပါတယ်။
“ဆိုင်သိမ်းပြီးအပြန်ဆိုတော့ ရွှေပမာဏကများတာပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖြစ်စဉ်ကိုသိရတဲ့ ဒေသခံတစ်ဦး ပြောပြချက်အရ မနေ့ကညနေပိုင်း ဆိုင်သိမ်းပြီး ဆိုင်ရှင်လင်မယားဟာ ဟိုတယ်ကိုအပြန် ဟိုတယ်အရောက်ကားပေါ်ကအဆင်းမှာ နောက်ကနေ ကပ်လိုက်လာတဲ့ ဆိုင်ကယ် ၂ စီးပေါ်က အမျိုးသား ၄ ဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတာလို့သိရပါတယ်။
