စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေ ထိကပလယ်ဒေသအတွင်း၌ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က ပြောသည်။
စုကလိမြို့အနီးရှိ ထိကပလယ်ကျေးရွာအတွင်း၌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၈) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ဖေဖေါ်ဝါရီလ(၈)ရက်ကစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူအသုံးပြုပြီး တိုက်ခိုက်လျက်ရှိသည်။
ထို့အပြင် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သောကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ပြီး ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

” စစ်ရှောင်တွေအရေအတွက်ကလည်း တော်တော်လေးများတယ်။ ဒါပေမဲ့ ဘယ်လောက်က္ခသည်ဖြစ်နေတာတို့ ဒဏ်ရာရတာတို့ဘာတို့ပေ့ါနော်၊ အဲ့ဒါတော့ အတိအကျ မရောက်လာသေးဘူးခင်ဗျ” ဟု ကရင်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)၏ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်က ပြောသည်။

ကရင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် ကေအိုင်စီ-ကရင်သတင်းစဉ်၏ ရေးသားဖော်ပြချက်အရ ထိကပလယ်ဒေသအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကျေးရွာပေါင်း(၁၃)ရွာမှ ဒေသခံပြည်သူလူထု(၃၆၀၀)ကျော်သည် ဘေးလွတ်ရာနေရာများတွင် ထွက်ပြေးခိုလှုံနေကြရသည်။

ထိကပလယ်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်၏ ခြေကုပ်စခန်းကို KNDO တပ်ရင်း(၈)ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာမှ စစ်ရေးပဋိပက္ခပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သောကြောင့် လေကြောင်းပစ်ကူအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိကပလယ်ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းကို ထိခိုက်ပျက်စီးခဲ့သည်။

ထိကပလယ်ကျေးရွာရှိ စစ်ကောင်စီတပ်၏ ခြေကုပ်စခန်းကို တိုက်ခိုက်သည့် တိုက်ပွဲဖြစ်စဉ် (၁)ပတ်တာအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိအဆင့်ရှိသူများ အပါအဝင် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်အပေါ်ဆင်နွဲသည့် စစ်ရေးအခြေအနေကို ဆက်လက်တိုးမြှင့်တိုက်ခိုက်သွားမည်ဟု အသိပေးပြောဆိုထားသည်။
