လက်နက်ခဲယမ်းများအပါအဝင် ကျပ်သိန်း၃၀၀ ဖိုးခန့်ဆုံးရှုံးဟုဆို
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် PDF စခန်းငယ်တစ်ခုစီးနင်းခံရပြီး ယနေ့မင်္ဂလာဆောင်မည့် PDF ဇနီးမောင်နှံကို စခန်းနှင့်အတူ မီးရှို့သတ်ဖြတ် သွားခဲ့ကြောင်း Southern YSO PDF၏ တာဝန်ခံက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်) နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ရေစကြိုမြို့နယ်၊ သဲတောကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး ကျေးရွာအတွင်းမှ ပြည်သူများကို ဓားစာခံဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် သဲတောကျေးရွာနှင့် (၁)မိုင်ခန့်ဝေးသော Southern YSO PDF၏ အခြေပြု ကင်းစခန်းငယ်တစ်ခုသို့ ဝင်ရောက်လာစဉ် အသင့်စောင့်ဆိုင်းနေသော မဟာမိတ်အဖွဲ့များက မိုင်းသုံးလုံး၊ ရှေ့ထွတ် ပြောင်း သူံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF ၏ တာဝန်ခံက ပြောသည်။


ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦး ပွဲချင်းပြီး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိကြောင်း၊ အဆိုပါ သုံးဦးအနက် တစ်ဦးမှာ ယာတံတောင်ဆစ်မှ ပြုတ်ထွတ် ဒဏ်ရာရပြီး တစ်ဦးမှာ ခြေသလုံး ဖောက်ထွတ်ဒဏ်ရာရရှိကြောင်း Southern YSO PDF က ဖော်ပြသည်။
စစ်ကြောင်းတွင် ရဲများလည်းပါပြီး ရဲများလည်းထိခိုက်သေဆုံးမှုရှိကြောင်း၊ မိုင်းရှာစက်များအသုံးပြု ဖြတ်တောက်ခဲ့၍ ပေပါမိုင်းများ မကွဲခဲ့ကြောင်း Southern YSO PDF က ဆိုသည်။
ထိုဖြစ်စဉ်တွင် ယနေ့ (ဖေဖော်ဝါရီ၁၈ ရက်)တွင် မင်္ဂလာဆောင် အခမ်းအနားကျင်းပမည့် PDF ရဲဘော်မောင်နှံနှစ်ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း၊ သတ်ဖြတ်ခံရသော ဇနီးမောင်နှံနှစ်ဦးကို စခန်းငယ်၌ မီးရိူ့ သတ်ဖြတ်သွားခဲ့ကြောင်း Southern YSO PDF က အသိပေးသည်။
အဆိုပါ ရဲဘော်နှစ်ဦးသည် Urban Underground Revolution Force (UURF -YSO)တပ်ခွဲ ဗိုလ်ရာဟုအဖွဲ့က ရဲဘော်များဖြစ်ပြီး Southern YSO PDF အဖွဲ့တွင် တော်လှန်ရေးအစမှ ယခုချိန်ထိ အတူနေတိုက်ပွဲဝင် မိသားစု ညီအကိုမောင်နှစ်မများဖြစ်ကြောင်း Southern YSO PDF၏ တာဝန်ခံက ပြောသည်။
ထို့အပြင် Glockအတို တစ်လက်၊ ကျည်ဆံ ၆၅တောင့် ဆုံးရူံးခဲ့ရပြီး စခန်းလည်း မီးရှို့ခံခဲ့ရကာ ထုတ်လုပ်ရေး ပစ္စည်းအမြောက်အများ ၊ဆိုင်ကယ်များ၊ ရဲဘော်အသုံးအဆောင်ပစ္စည်းများ ၊ ဆိုလာ ၊ဘတ်ထရီ ၊အင်ဘာတာ၊ရိက္ခာပစ္စည်းများ မီးရိူ့ခံရပြီး ကာလတန်ကြေး ကျပ်သိန်း ၃၀၀ခန့် ဆုံးရှုံးခဲ့ကြောင်း Southern YSO PDF ၏ တာဝန်ခံက ပြောသည်။
တိုက်ပွဲတွင် Southern YSO PDF၊Urban Underground Revolution Force (UURF-YSO)ဗိုလ်ရာဟု တပ်ခွဲ၊Shwe Nyar Myae People Defence Force(YSO)၊Yesagyo Revolution Force (YRG)၊ညီနောင်သုံးဖော်၊ Zarmani Blood Guerilla Army.Myaing အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၁၂ ရက်ကလည်း Southern YSO PDFအဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့သည့် ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာအနီးဖြစ်စဥ်တွင် မဟာမိတ်အဖွဲ့များမှ PDF ရဲဘော်ခြောက်ဦးနှင့် ရပ်ရွာကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သေးသည်။ ထိုဖြစ်စဉ်တွင်လည်း ရဲဘော် လေးဦးကို မီးရိူ့သတ်ဖြတ်ခံခဲ့ရပြီး ကျန်ဒဏ်ရာရရဲဘော် သုံးဦးကို သတ်ဖြတ်သွားခဲ့သည်။
