စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့သို့ ဂျုံလာရောင်းသော ဒေသခံတောင်သူများအား PDFများစိုက်ပျိုးပြုလုပ်သည့် ဂျုံဟုစွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ကျပ်သိန်း၁၀၀ကျော်ပါ သိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီ ၁၆ရက်က ချောင်းဦးမြို့ပေါ်ရှိ ပွဲရုံတစ်ရုံသို့ ထူးနီကျေးရွာမှ ဂျုံရောင်းလာသော ဒေသခံ တောင်သူငါးဦးအား ပွဲရုံ၌ ရောင်းချပြီး ငွေရှင်းပြီးချိန်တွင် ချောင်းဦးမြို့မရဲစခန်းမှ စစ်အုပ်စုက PDFများစိုက်ပျိုးသည့် ဂျုံဟုစွပ်စွဲကာ အဓမ္မဖမ်းဆီးသွားခြင်းဖြစ်သည်။

၎င်းတောင်သူများနှင့်အတူ ဂျုံများတင်ဆောင်လာသော ကားနှစ်စီး၊ ဂျုံရောင်းရသောငွေ ကျပ်သိန်း ၁၀၀ကျော်ကိုပါ အဓမ္မသိမ်းဆည်းသွားကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။
”အခုအဖမ်းခံရတဲ့တောင်သူတွေက ဧကအများကြီးစိုက်တာဗျ။ တောင်သူတွေရဲ့ဂျုံတွေရယ်။ ပိုက်ဆံလိုချင်လို့ ဖမ်းတာရယ်။ ဘာ PDFဂျုံမှ မဟုတ်ဘူး”လို့ ဒေသခံပြည်သူတစ်ဦးက Chaung U Revolution ကိုပြောကြားထားသည်။
“PDFဂျုံဆိုရင် ဂျုံကိုအစယူလာစဥ်ကတည်းသိမ်းပေါ့။ ခုတော့ ဂျုံရောင်းနေတုန်း သေချာစောင့် ငွေထုပ်ပိုက်ပြီးပြန်အထွက်မှသိမ်းတာ။ စိတ်မကောင်းဘူး။ မြေဆီ စျေးတွေတက်နေတဲ့ကြားက လုပ်ထားရတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသော တောင်သူ ငါးဦး ယနေ့အထိ လွှတ်ပေးခြင်း မရှိသေးကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။
