စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များရှိရာ မြို့မရဲစခန်းနှင့် မြဝတီဘဏ်ရှိ လုံခြုံရေးအဖွဲ့အား လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Who am i-Army အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်) ည ၇နာရီခန့်က ရွှေဘိုမြို့၊ လမ်းမတော်လမ်းရှိ မြဝတီဘဏ်တွင် ဘဏ်ရှေ့ဘန်ကာအတွင်း ကင်းစောင့်နေသော စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်ရှိနေချိန် Who am i-Army နှင့် Ranger Army ပူးပေါင်းတပ်ဖွဲ့များက K.R.L လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Who am i-Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်မှုရှိပြီး ရဲဘော်များအထိအခိုက်မရှိဘဲ စစ်ကောင်စီဘက်ကမူ နှစ်ဦး ပြင်းထန်ဒဏ်ရာရ၍ လူနာတင်ကားများဖြင့် တင်ဆောင်သွားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
“မိုင်းကွဲတော့ ထိသွားတယ် သုံးယောက်လောက်။ကျန်တဲ့ သူတွေကတော့ ဘဏ်အတွင်းထဲဝင်ပြေးသွားတယ်။”ဟု Who am i-Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၆ နာရီခွဲခန့်ကလည်း ရွှေဘိုမြို့မ ရဲစခန်းအား Who am i-Army နှင့် Ranger Army ပူးပေါင်းတပ်ဖွဲ့များက လက်ပစ်ဗုံးဖြင့် ရဲစခန်းအတွင်းရှိ မျှော်စင်ပေါ်တွင်ကင်းစောင့်နေသော ရဲများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်မှုအခြေအနေအား စိစစ်နေဆဲဖြစ်ကြောင်း Who am i-Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ထပ်မံပြောကြားသည်။
စစ်ကောင်စီတပ်သည် ရွှေဘိုမြို့ပတ်လည်ရှိ ခရိုင်တစ်ခုလုံးက ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။
