ရွာပေါင်း ၁၈ရွာမှ ဒေသခံ တစ်သောင်းခွဲခန့်ထွက်ပြေးနေရပြီး အကူအညီလိုအပ်နေ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက အမျိုးသားနှစ်ဦးအား ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်ခဲ့ပြီး ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်နေ၍ ကျေးရွာပေါင်း ၁၈ရွာမှ ဒေသခံပြည်သူ ၁၅,၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ကန့်ဘလူခရိုင်၊ထန်းကုန်းတိုက်နယ် အင်းလယ်ကြီးကျေးရွာတွင် ညအိပ်သော စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(၃၆၈)နှင့် ပျူစောထီး အင်အား ၁၂၀ခန့်သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်) နံနက်ပိုင်းတွင် လက်နက်ကြီး၊ ငယ်များပစ်ခတ်၍ စစ်ကြောင်းထွက်လာခဲ့သည်။
ထို့နောက် နံနက် ၁၀နာရီခွဲခန့်တွင် ကိုင်းရိုးရွာအနီးရှိ တောအတွင်း စစ်ရှောင်နေသော အသက် (၂၂)နှစ် နှင့် (၃၂)နှစ်အရွယ် အမျိုးသားနှစ်ဦးအား မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်နှင့်ပျူများသည် အဆိုပါ နှစ်ဦး စီးလာသည့် ဆိုင်ကယ်နှစ်စီးနှင့်အတူ အနီးအနားရှိ ထွန်စက်ပေါ်တွင်တင်၍ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း အထက်ပါအဖွဲ့က ပြောသည်။
“ကာကွယ်ရေးရဲဘော်တွေမဟုတ်ဘူး။အိမ်ကရှောင်နေတဲ့သူတွေက လူငယ်ပိုင်းကိုလွှတ်လိုက်တာ။ အထုပ်မေ့နေလို့ ပြန်ယူရင်းနဲ့စစ်ကြောင်းနဲ့တိုးပြီး မီးရှို့သတ်ဖြတ်ခံလိုက်ရတာပါ။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီစစ်ကြောင်းသည် အင်းလယ်ကြီးရွာမှ (၁၅)နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက်(၂၀)ကျော် အမျိုးသမီးတစ်ဦးအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
အဆိုပါစစ်ကောင်စီတပ်နှင့်ပျူများစစ်ကြောင်းထိုးနေ၍ ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်ရှိ အင်းလယ်ကြီး၊သရက်တာ၊အင်္ဂါထောင့်၊ကိုင်းရိုး၊မဲသည်၊ပေလည်၊ ဆူးပုတ်ကုန်း၊ ညောင်ပင်ရွာမ၊ရွာသစ်၊ဉာဏ်အင်း၊ထိန်တော၊သပြေသာ၊ဗိုလ်ကုန်း၊ရှမ်းတပ်၊မန်ကျီးကုန်း၊ဆူးတပ်၊ဆင်နင်း နှင့် ဖုတ်ကုန်းရွာ စုစုပေါင်းရွာ (၁၈)ရွာမှ ဒေသခံပြည်သူ ၁၅,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာများ ပိုမိုများပြားလာ၍ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ကူညီနေသည့် မြေပြင်အဖွဲ့များထံမှသိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ကျွန်းလှမြို့နယ်၊ကြာတကန်ရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သေးသည်။
ကန့်ဘလူမြို့နယ်တောင်ခြမ်း သိန်ရင်ဆည်အနီးရှိ ကျေးရွာများအား စစ်ကြောင်းထိုးမဝင်ရောက်မီ ကန့်ဘလူမြို့ အမှတ်(၆၀၀၆) တင့်ကားတပ်အတွင်းမှနေ၍ (၁၂၀)မမ လက်နက်ကြီးဖြင့် သုံးရက်ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းကြောင့် အင်းလယ် ကြီးရွာမှ ဒေသခံတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကာ နွားတစ်ကောင်သေဆုံးခဲ့ကြောင်း Infinity Group က ပြောသည်။
ဖေဖော်ဝါရီ ၁၆ရက် နံနက် ၁၁နာရီခန့်က ကန့်ဘလူမြို့နယ်တောင်ခြမ်း ထန်းကုန်းတိုက်နယ် ညောင်ဇင်ရွာမှ ဒေသခံတစ်ဦး လယ်တောသို့ လှည်းဖြင့်သွားစဉ် ပျူစောထီးများထောင်ထားသည့်မိုင်းထိမှန်ကာ လူရော နွားများပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
