နှစ်လနီးပါးအတွင်း ကော်ဘရာ၊ ဒေါန၊ နဂါးနီ၊ ကျားဖြူ၊ နဂါးဖြူ၊ ကျားသစ်နက်၊ တောင်ညို စစ်ကြောင်း များကို လက်နက်များ ပေးအပ်ခဲ့
ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်များပါဝင်သည့် ပူးပေါင်းစစ်ကြောင်း ခုနစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနက လက်နက်တပ်ဆင်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ဒီဇင်ဘာလကုန်ပိုင်းမှ ယနေ့ (ဖေဖော်ဝါရီ ၁၆ရက်)အထိ ကရင်အမျိုးသာလွတ်မြောက်ရေး တပ်မတော်(KNLA) နှင့် ပူးပေါင်း တိုက်ပွဲဝင်နေသည့် စစ်ကြောင်းများဖြစ်သော တောင်ပိုင်းစစ်ဒေသမှ ကော်ဘရာ၊ ဒေါန၊ နဂါးနီ၊ ကျားသစ်နက်၊ နဂါးဖြူ၊ ကျားဖြူ၊ တောင်ညိုစသည့် စစ်ကြောင်းများကို NUGကာကွယ်ရေးက လက်နက်များတပ်ဆင်ပေးခဲ့ကြောင်း NUGကာကွယ် ရေးနှင့် သက်ဆိုင်ရာ စစ်ကြောင်းများက ထုတ်ပြန်ထားသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၆ရက်)တွင်လည်း တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး (၂)ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ စစ်ဒေသခွဲအမှတ် (၃)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းများမှ တိုက်ပွဲဝင်ရဲဘော်များထံသို့ လက်နက်များ တပ်ဆင်ပေးအပ်ခဲ့ကြောင်း NUGက ထုတ်ပြန်သည်။
အခမ်းအနားအစီစဥ်တွင် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့မှ ရဲဘော်များသည် ပြည်သူ့ကာကွယ်ရေး တပ်မတော် အလံတော်အား အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် လေးချက်အား ရွတ်ဆို၍ သစ္စာအဓိဌာန်ပြုခဲ့ကြသည်ဟု ဆိုသည်။

ထို့အပြင် တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး (၂) ရဲဘော်စောရှားက စစ်ဒေသခွဲအမှတ်(၃)အတွင်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြောကြားခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့ပြင် ယခင်အကြမ်းဖက်စစ်ကောင်စီနှင့် ဖြစ်ပွားခဲ့သော ထိတွေ့ရင်ဆိုင်တိုက်ပွဲများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းများနှင့် မဟာမိတ်များပူးပေါင်းချိတ်ဆက်ကာ စစ်ရေးဖော်ဆောင်နိုင်ခဲ့မှုသည် Chain of Command အားကောင်းလာမှုကို ဖော်ညွှန်းနေပြီး စစ်ဆင်ရေးစီမံမျက်များကို အောင်မြင်စွာဖြင့် အကောင်ထည်ဖော်နိုင်ခဲ့ကြောင်း ဒုစစ်ဒေသမှူးက ပြောကြားခဲ့သည်။
နွေဦးတော်လှန်ရေး၏ ၂နှစ်ကျော်ကာလအတွင်း အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုကြောင်းလည်း ဒုစစ်ဒေသမှူးက ပြောသည်။

စစ်ကြောင်းမှူးများမှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်ဟု ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ကြောင်းများအား စစ်ဆင်ရေးရည်မှန်းချက်များ အောင်မြင်စွာဖြင့် အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် လက်နက်များနှင့် ခဲယမ်းများကို ဖြည့်တင်းဆောင်ရွက်ခြင်းနှင့် ရဲဘော် များ၏ စွမ်းရည်ပြည့်ဝစေရန်အတွက် မွမ်းမံသင်တန်းများ ပြုလုပ်ကာ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။
