ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ နဂါးနီစစ်ကြောင်း တိုက်ပွဲဝင်ရဲဘော်များအား အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ် ဒေသတပ်မှူးများက လက်နက်တပ်ဆင် ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ယမန်နေ့ ညပိုင်း၌ သတင်းထုတ်ပြန်သည်။
အဆိုပါ လက်နက်ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၄ရက် က ကျင်းပခဲ့ပြီး တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များက စစ်ဒေသခွဲအမှတ် (၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၏ နဂါးနီစစ်ကြောင်းသို့ လက်နက်များပေးအပ်ခဲ့သည်ဟု ဆိုသည်။




ထို့ပြင် စစ်ဒေသခွဲ အမှတ်(၃)အတွင်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရဲဘော်များ သိရှိစေရန်အတွက် ရှင်းလင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပြီး အသေးစိတ် အခြေအနေကို ဖော်ပြမထားပေ။
နွေဦးတော်လှန်ရေး၏ ၂နှစ်ကျော်ကာလအတွင်း အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုကြောင်းလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟုဆိုသည်။

စစ်ကြောင်းမှူးများမှလည်း အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်စကား ပြန်လည်ပြောဆိုခဲ့သည်ဟု ဖော်ပြသည်။
နဂါးနီစစ်ကြောင်းသည် KNU တပ်မဟာ(၆) နယ်မြေတွင် တိုက်ပွဲဝင်နေသည့် စစ်ကြောင်းဖြစ်သည်။
အမျိုးသားညီညတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် KNUနယ်မြေရှိ စစ်ကြောင်းများအပါအဝင် ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်များအား လက်နက်တပ်ဆင်ဖြည့်တင်းမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
