စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူ များ၏ ယာယီနေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ရက်) နံနက် ၁၁နာရီခန့်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာ တပ်စွဲထားသော စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်၊ ဂိတ်နှင့် ဂိတ်အနီးဝန်းကျင်ရှိအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စုစုပေါင်းအိမ်ခြေ ရှစ်လုံးနှင့် ကင်းတဲဂိတ်အပါအ၀င် အိမ်ခြေဆယ်လုံးခန့်ဖျက်ဆီးသွားခဲ့ကြောင်း ဗိုလ်ထွန်းတောက် BTT LPDFအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ကင်းတဲကို ကားနှစ်စီးဖြင့် ၀င်ရောက်တိုက်ခိုက်ရာ ပြင်ဆင်ချိန်မရ၍ မိုင်းဆွဲတိုက်ခိုက်ခြင်းမပြုလုပ်နိုင်ခဲ့ကြောင်း ဗိုလ်ထွန်းတောက် BTT LPDFအဖွဲ့က ဆိုသည်။

“လက်ရှိမှာခြုံစရာစောင်တောင်မရှိတဲ့အခြေအနေပါဗျ။ စား၀တ်နေရေးအခက်အခဲကြုံတွေ့နေရပါတယ်။”ဟု ဗိုလ်ထွန်းတောက် BTT LPDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဒေသခံတစ်ဦးကလည်း “ဘန့်ဘွေးပျူရွာကို ၁၁ ရက်နေ့က ကားနှစ်စီးနဲ့ ရောက်လာပြီး တပ်စွဲထားတာ။”ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၃ရက် ကလည်း ယင်းမာပင်မြို့နယ် ရေထွက်ရိုးတောတိုက်သို့ရောက်ရှိလာပြီး လူနေအိမ်၈လုံး၊ရေစက်နှင့်ဆိုင်ကယ်များ၊ ကျောင်းစာသင်ဆောင် လေးဆောင် ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး ထုတ်ပြန်ထားသည်။
