မတရားအသင်းဆက်သွယ်မှုပုဒ်မအပါအဝင် တရားစွဲခံရသည့်ပုဒ်မ သုံးခုထိရှိလာ
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်းဖြစ်သည့် ဒေါက်တာခလမ်ဆန်ဆွန်ကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် ထပ်တိုးတရားစွဲလိုက်သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
“သူတို့ ပထမနှစ်မှုပဲ။ အခု သုံးမှုဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်လိုပုံစံမျိုးပေါ့။ ကြာလေ ဒီအမှုနဲ့ ပတ်သက်တယ်ဆိုပြီး နောက်အမှု ပြန်တပ်လိုက်။ နောက် နည်းနည်းကြာရင်ဘာအမှုနဲ့ဆိုပြီး ပြန်လုပ်လိုက်ပေါ့။ အဲဒီလိုပဲသွားနေမှာပဲ”ဟု ၎င်းက ဆိုသည်။
ဒေါက်တာခလမ်ဆန်ဆွန်ကို စစ်ကောင်စီက ၂၀၂၂ ဒီဇင်ဘာလဆန်းက မန္တလေးလေဆိပ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခလမ်ဆန်ဆွန်၏ ထိုင်းနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ဦးစွာ တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းတွင် ၅၀၅(က)ဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။
ဒေါက်တာခလမ်ဆန်ဆွန်အား ဖမ်းဆီးထားခြင်းအား အမြန်ဆုံးလွှတ်ပေးရန် ကချင်အသိုင်းအဝိုင်းက တောင်းဆိုထားသော်လည်း စစ်ကောင်စီက အမှုထပ်တိုးတရားစွဲဆိုခြင်းများပြုလုပ်လျက်ရှိသည်။
