ဖားကန့်မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ခြောက် ဦးအထိရှိလာပြီး ပျောက်ဆုံးနေသူအချို့ရှိနေသေးကြောင်း ဒေသခံများကပြောသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေမှော်တွင် ဖေဖော်ဝါရီ ၁၂ရက်ညက ပေ ၃၀၀ ခန့်အမြင့်ရှိသည့်မြေစာပုံပြိုကျခဲ့သည်။ယမန်နေ့( ဖေဖော်ဝါရီ ၁၄ရက်)ညအထိ ရှာဖွေမှုတွင် ရုပ်အလောင်း ခြောက်လောင်းတွေ့ရှိထားကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်နေသူများကပြောသည်။

” အလောင်းက ခြောက်လောင်းရှိပြီ။ ဆက်ရှိနေနိုင်သေးလို့ ရှာနေကြဆဲပါ” ဟုရှာဖွေကယ်ဆယ်ရေးလုပ်နေသူများတစ်ဦးကပြောသည်။
မြေစာပုံပြိုကျမှုဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာဖွေသူ ၁၀ ဦး ထက်မနည်း မြေပိပျောက်ဆုံးသွားကြောင်း ဒေသခံများကပြောကြားသော်လည်းယင်းထက်ပင်များနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
ဖားကန့်တွင် ဇန်နဝါရီ ၃၀ရက်ကလည်း ပေ တစ်ရာခန့်မြင့်သော ကျောက်ကမ်းပါးယံတစ်ခုပြိုကျပြီးရေမဆေးကျောက်ရှာသူ (၄) ဦးသေဆုံးခဲ့သည်။
