ခင်ဦးနယ်တွင် စစ်ကောင်စီတပ်က သုံးရွာဆက်တိုက်မီးတင်ရှို့၊ စားနပ်ရိက္ခာများကိုပါ လုယက်ခိုးယူနေ
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကူတော်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးကြောင်း Salingyi Border Task Force – SBTF (ပ.က.ဖ) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေ ၃နာရီခန့်က ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်များကို တာဝေးပစ်လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း (၆၀) မမ၊ (၈၀) မမ၊ (၁၂၀) မမတို့ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း SBTF(ပ.က.ဖ) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်များသည် လွန်ခဲ့သည့် ၉လက အခိုင်အမာခြေကုတ်ယူကာ တပ်စွဲနေထိုင်နေခြင်းဖြစ်ကြောင်း ၊ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး သစ်ပင်ခြောက်တစ်ပင်မီးလောင်သွားကာ စစ်အုပ်စုဝင် ငါးဦးထက်မနည်းသေဆုံးကြောင်း SBTF (ပ.က.ဖ)သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ပစ်တာက ၁နာရီကျော်ကြာတယ်ဗျ။ ပြည်သူတွေက ရွာထဲမနေရဲဘူး ၉ လကျော်လောက်ရှိပြီ။ စစ်ကောင်စီတပ်တွေနဲ့ ပေါင်းပြီး လက်နက်ကိုင်နေတဲ့ ရွာသား နှစ်ဦးရှိတယ်။ ပျူသဘောမျိုးဗျ။ သေတဲ့ထဲမှာ အဲဒီပျူ နှစ်ဦးပါ၊မပါတော့ အတိကျမသိရသေးဘူး”ဟု SBTF (ပ.က.ဖ) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ရာ ရဲဘော်များအနီးသို့ကျရောက်သော်လည်း ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း SBTFက အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးကို Salingyi Border Task Force – SBTF (ပ.က.ဖ)၊ စစ်ကျွန်မခံ မြွေဆိုးတသိုက် – PDF (Yinmarbin)၊ စစ်ကျွန်မခံမြွေဆိုးတသိုက်တပ်ခွဲ – ၃ (Yinmarbin)၊ Eagle Defense Force-EDF (Salingyi)၊ Rainbow People Defense Force (Butalin)၊ Monywa Support Team PDF – MST PDF တို့နှင့် အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ယမန်နေ့ကပင် မုံရွာမြို့နယ်ရှိ ပျုစောထီးကြီးစိုးရာ တောပုကျေးရွာကို ဒေသတွင်း PDFများက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တကျော့ပြန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က တစ်ရက်တည်း သုံးရွာဆက်နှင့် စစ်ဘေးရှောင်တဲများကိုပါ မီးရှို့ထားပြီး ပြည်သူများ၏ စားနပ်ရိက္ခာများကိုပါ အဓမ္မခိုးယူနေကြောင်း ဒေသခံများက ပြောသည်။
ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ရက်က ရေဦးမြို့မှ ခင်ဦးမြို့ပေါ်သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၁၁ရက်တွင် မဒေါင်းလှကျေးရွာက ပျူများနှင့်ပေါင်းကာ စောကြီးကျေးရွာနှင့် သေနပ်စိန်ကျေးရွာတို့ရှိ မီးလောင်ပြင်မှ မီးဘေးသင့်ပြည်သူများ၏ ထန်းရွက်တဲအချို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် အင်ကြင်းပင်ရွာ ၊ဖန်းခါးကုန်းရွာများရှိ ဒေသခံများအား လက်နက်ပြခြိမ်းခြောက်၍ တစ်အိမ်တစ်ယောက်နှုန်းခေါ်ယူကာ ဆန်၊ဆီ၊မြေပဲနှင့် စားနပ်ရိက္ခါများအား ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီ ၁၂ရက်တွင်လည်း ပင်တင်းကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ ကွမ်းတိုင်းကျေးရွာ၊ မင်းကံကြီးကျေးရွာတို့အား ဝင်ရောက်ခဲ့ပြီး အဆိုပါကျေးရွာများရှိ စားနပ်ရိက္ခာများအား ခိုးယူသွားခဲ့သည်။
ယမန်နေ့ (ဖေဖော်ဝါရီ၁၃ရက်) နံနက်ပိုင်းတွင် မင်းကံကြီးကျေးရွာအား ကျေးရွာစာသင်ကျောင်းပါမကျန် မီးရှို့ခဲ့ကြောင်း၊ ညနေ ၃နာရီခန့်မှစတင်ကာ လက်ပံလှကျေးရွာ၊ ညနေပိုင်းတွင် လောင်းရှည်ကျေးရွာများအားဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
“အဲဒီစစ်ကြောင်းက ဖေဖော်ဝါရီ ၈ရက်နေ့က ရေဦးတိုင်းရင်းဆေးရုံကနေ ထွက်လာတဲ့စစ်ကြောင်းပါ။ ဒီနေ့အထိ ခင်ဦးမြို့နယ်အတွင်း လှည့်လည်ပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်။”ဟု ခင်ဦးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ခင်ဦးမြို့နယ်မြောက်ခြမ်း၊ အရှေ့ခြမ်းနှင့်အရှေ့တောင်ခြမ်းရှိ ကျေးရွာများမှ ဒေသခံများသည် ဖေဖော်ဝါရီ၁၁ရက်မှစ၍ ယနေ့နံနက်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးများ အခက်အခဲတွေ့နေကြောင်း သတင်းရရှိသည်။
