ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့နယ် မယ်တော်ဂူကုန်းအား စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDFက ယနေ့ ထုတ်ပြန် သည်။
ယမန်နေ့ ည ၁၁နာရီခန့်က ဖယ်ခုံမြို့နယ် ရီလုံရီကန်ကျေးရွာအုပ်စု ဝါရီခူကျေးရွာရှိ မယ်တော်ဂူကုန်းအား စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြစ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အဆောင်တစ်ခုနှင့် မယ်တော်ဂူရင်ပြင် ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

“စစ်ဖက်နဲ့သက်ဆိုင်တာလည်း မဟုတ်ဘူး။ကျေးရွာနဲ့က တော်တော်နီးတယ်။ကံကောင်းလို့ ဒေသခံတွေ ဘာမှထိခိုက်မှု မဖြစ်တာ”ဟု ဖယ်ခုံ PDF နှင့်နီးစပ်သူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ဖက်နှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် အရပ်ဘက်ဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်း အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီအတွင်း လေကြောင်း တိုက်ခိုက်မှုသုံးကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုများတွင် အရပ်ဘက်ဆိုင်ရာနေရာများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု နှစ်ကြိမ်ရှိခဲ့သည်။

ဇန်နဝါရီတွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့၊ ဘော်လခဲမြို့နယ်နှင့် ရွာသစ်မြို့နယ်ခွဲတို့အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် ငါးလုံးပျက်စီးခဲ့သည့်အပြင်၊ ဘုန်းကြီးကျောင်း နှစ်ကျောင်းနှင့် စေတီတစ်ဆူ ပျက်စီးခဲ့ရပြီး အရပ်သားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရကာ ငါးဦးဒဏ်ရာရခဲ့သည်။
