ဘဏ်လုပ်ငန်းနှင့်လျှပ်စစ်မီးမတည်ငြိမ်မှုများသည် စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန် အကြီးမားဆုံးအခက်အခဲဖြစ်နေကြောင်းမြန်မာနိုင်ငံအခြေစိုက်ဥရောပကုန်သည်ကြီးများအသင်းကထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းထားသည့်ကာလအတွင်းမြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများအပေါ် မြန်မာနိုင်ငံအခြေစိုက်ဥရောပကုန်သည်ကြီးများအသင်းကသုတေသနစာတမ်းပြုလုပ်ထားခြင်းပြီး ထိုစာတမ်းထဲတွင် စီးပွားရေးလုပ်ရန်အခက်အခဲအချက်များကို ဖော်ပြထားခြင်းဖြစ်သည်။
ထိုအပြင်စစ်ကောင်စီ၏မတည်ငြိမ်သည့်မူဝါဒမျိုးစုံထုတ်ပြန်နေခြင်းမှာလည်း စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးအချက်များထဲတွင်တစ်ခုပါဝင်ကြောင်းလည်းဥရောပကုန်သည်များအသင်းက စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်တွေ့ဆုံဆွေးနွေးစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။
စီးပွားရေးနှင့်ပတ်သတ်ပြီးမှန်ကန်တိကျသည့်သတင်းအချက်အလက်များမရရှိမှုနှင့် ဗီဇာသက်တမ်းကိစ္စအခက်အခဲများသည်လည်းအာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်ပိုမိုအခက်အခဲဖြစ်လာနေသည်ဟု ဥရောပကုန်သည်ကြီးများအသင်းကဆိုသည်။
“ဥရောပကုမ္ပဏီတွေက ရေရှည်အတွက်ကြည့်ပြီးရင်းနှီးမြှပ်နှံချင်တာ။ အခုချိန်မှာ အားလုံးခက်ခဲနေတယ်ဆိုတာသိပါတယ်။ ဒီထဲမှာ စီးပွားရေးအရမှာ မူတွေ ခဏခဏပြောင်းတာက အဆိုးဆုံးပါပဲ”ဟုဥရောပကုမ္ပဏီတစ်ခုမှ မန်းနေးဂျင်းဒါရိုက်တာတစ်ဦးကပြောသည်။
ဥရောပကုန်သည်ကြီးအသင်းသည် မြန်မာနိုင်ငံတွင်ကုမ္ပဏီပေါင်း ၁၂၀ကျော်ရင်းနှီးမြှပ်နှံလုပ်ကိုင်နေဆဲဖြစ်သည်။
