ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမောဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ကို ဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၇က ယနေ့ ထုတ်ပြန်သည်။
ပူဖားကျေးရွာအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၁၀ရက် နံနက် ၁၀ နာရီခန့်တွင် KNDFတပ်ရင်း – ၆ နှင့် တပ်ရင်း – ၇တို့ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ပူဖားမှာက မနှစ်ကတည်းက စကစဘက်က အင်အား ၅၀ လောက်နဲ့တပ်စွဲထားတာ။ဒီနှစ်ကုန်လောက်က ကရင်နီတပ်ဖွဲ့တွေ ထိုးစစ်ဆင်ခဲ့တဲ့ ကုန်းသာ၊ဒေါကမီးရွာတွေနဲ့က တဆက်တည်းပဲ”ဟု ကရင်နီဒေသခံစစ်ရေး သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့က တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်အကြား လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများလည်း ရှိခဲ့သည်။
တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အလားတူ ယခုလ ၉ ရက်ကလည်း လွိုင်ကော်မြို့ ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီစခန်းများကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF တပ်ရင်း – ၁၄က ထုတ်ပြန်ထားသည်။
