အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစနစ် ကို အသုံးပြုဖို့ပြင်ဆင်နေပါတယ်။
အဲဒီစနစ်ကိုအသုံးပြုဖို့အတွက် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဖန်တီးထားတဲ့ စက်ကို အာဏာသိမ်းစစ်ခေါင်းဆောင်ထံ မနေ့က သွားရောက်ပြသခဲ့ပါတယ်။
အဲဒီစက်မှာ မဲပေးတာ ၊ မဲရုံအဖွင့်အပိတ်လုပ်တာ ၊ မဲလက်မှတ်ထုတ်တာ စတဲ့ လုပ်ဆောင်ချက်တွေပါတယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။
အဲဒီစက်တွေကို 12 V ဘက်ထရီနဲ့ တွဲစပ်အသုံးပြုနိုင်တယ်လို့သိရပါတယ်။ မဲပုံးတွေနေရာမှာ အစားထိုးဖို့ စီစဉ်နေတဲ့ အီလက်ထရောနစ်စနစ်သုံး မဲပေးစက်တွေကို စစ်ကောင်စီရွေးကောက်ပွဲ ဥက္ကဋ္ဌ ဦးသိန်းစိုးက စစ်ခေါင်းဆောင်ထံ လာရောက်တင်ပြတာပါ။
အီလက်ထရောနစ်စနစ်သုံးမဲပေးစက်တွေဟာ မဲခိုးဖို့ ၊မဲလိမ်ဖို့ အလွန်ကောင်းတဲ့စနစ်ဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူအချို့ကပြောပါတယ်။
ဦးသိန်းစိုးဟာ မဲမသမာမှုတွေ အကြီးအကျယ်ရှိခဲ့တယ်လို့ ဝေဖန်ခံရတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကြီးကြပ်ခဲ့သူလည်းဖြစ်ပါတယ်။
