▪︎စစ်သား ၃ ဦးသေပြီး စစ်သုံ့ပန်း ၁ ဦးဖမ်းမိကာ လက်နက် ၄ လက်ရရှိ
ထီးချိုင့်မြို့၊ မြတောင်လမ်းဆုံမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KIA နှင့် PDF ပူပေါင်းတပ်ဖွဲ့က ယနေ့နံနက်အစောပိုင်း တွင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီးစစ်သုံ့ပန်းတစ်ဦးဖမ်းဆီးနိုင်ကာ သေနတ်(၄)လက်သိမ်းဆည်းခဲ့ကြောင်းသတင်းရရှိသည်။
မြတောင်စစ်ဆေးရေးဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၂ရက်) နံနက် ၄နာရီခန့်တွင် KIA နှင့် PDF ပူပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မနက် ၄ နာရီမှာ ဝင်တိုက်တာ။စစ်ကောင်စီဖက်ကတစ်ဦးအရှင်ရတယ်။သုံးယောက်သေတယ်။ သေနတ်(၄)လက်သိမ်းခဲ့တယ်။ စစ်ကောင်စီက ဧရာဝတီတံတားပေါ်ကနေ လက်နက်ကြီးနဲ့လှမ်းပစ်လို့ မြတောင်လမ်းဆုံနားမှာနေတဲ့ ဒေသခံတစ်ယောက်နဲ့ နွားတစ်ကောင် သေဆုံးခဲ့ပါတယ်”ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။
မြတောင်လမ်းဆုံသည် ထီးချိုင့်မြို့နှင့် ဧရာဝတီမြစ်ခြားတွင်ရှိသော ဂိတ်ဖြစ်သည်။ KIA နှင့် PDF ပူပေါင်းအဖွဲ့က ထီးချိုင့်မြို့နားအထိတက်၍ စစ်ကောင်စီတပ်ကိုတိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ယခုအခါ အင်အား၁၀၀ ကျော်ပါသောစစ်ကောင်စီတပ်စစ်ကြောင်းကြောင်းသည်ထီးချိုင့်မြို့ သရက်ချောင်းကျေးရွာအနောက်ဘက်တွင် ရောက်ရှိနေ၍ ဒေသခံပြည်သူများသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များကသတိပေးထားသည်။
