သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနဲလ်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ စာအုပ် စတင်ရေးသားနေပြီဟု ၎င်း၏ ဇနီးဖြစ်သူ Ha Vu က အသိပေးသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ပါမောက္ခရှောင်တာနဲလ်ကို မြန်မာစစ်တပ်က အာဏာသိမ်းပြီးရက်ပိုင်းအကြာတွင် ဖမ်းဆီးခဲ့ပြီး ရက်ပေါင်း ၆၅၀ ကြာ အကျဥ်းချ ချုပ်နှောင်ထားခဲ့သည်။ ပြီးခဲ့သည့် အမျိုးသားနေ့အတွက် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် မစ္စတာရှောင်တာနဲလ်ကို ပြန်လွှတ်ပေးခဲ့သည်။
စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ်နှောင်မှုကိုခံခဲ့သူ အထက်ပါသြစတြေးလျပညာရှင်က အာဏာမသိမ်းမီနှင့် အာဏာသိမ်းမှုနောက်ပိုင်းအဖြစ်အပျက်ကို စာအုပ်ရေးသားမည်ဟု ၎င်းလွတ်မြောက်လာပြီးနောက် သတင်းဌာနများနှင့် အင်တာဗျူးများ၌ ပြောဆိုခဲ့သည်။
ပါမောက္ခရှောင်တာနဲလ်သည် “Catch & Release, unreleased?” ခေါင်းစဥ်တပ်ထားသော စာအုပ်ကို ရေးသားနေပြီဟု ၎င်း၏ဇနီးဖြစ်သူက ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ဒီဇင်ဘာ ၂၇ ရက်တွင်ရေးသားထားသည်။
မြန်မာ့အရေးနှင့်ပတ်သက်၍ မစ္စတာရှောင်တာနဲလ်သည် ၎င်း၏ ကိုယ်ရေးကိုယ်တာအကြောင်းများ၊ NLD အစိုးရ လက်ထက်ကြိုးပမ်းမှုမှတ်တမ်းများကို စာအုပ်ရေးသားမည်ဟု ပြောထားသည်။
သြစတြေးလျစီးပွားရေးပညာရှင်ရှောင်တာနဲလ်ကိုမြန်မာနိုင်ငံ၏စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက်နှစ်ပေါင်းများအားထုတ်ကြိုးပမ်းသူအဖြစ်ပြည်တွင်း၊ပြည်ပကအသိအမှတ်ပြုထားသည်။
