ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် (၆) မိုင်စံပြလမ်းမကြီးတွင် တိုက်ပွဲပြင်းထန်နေသောကြောင့် ပြည်သူများအနေဖြင့် အသွားအလာမလုပ်ကြရန် ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တပ်ရင်း – ၉က ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှာ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းသုံးခုခွဲ၍ ထိုးစစ်ဆင်နေခြင်းကြောင့် KNDF မှ ခုခံစစ်ဆင်နွှဲနေခြင်းဖြစ်သည်။
“ဒီလ ဒုတိယပတ်ကတည်းက စကစစစ်ကြောင်း ဝင်လာလို့ နေ့စဥ်တိုက်ပွဲ ဖြစ်နေတာ။အခု ရက်ပိုင်းက တိုက်ပွဲ တော်တော်ပြင်းထန်နေတယ်။လမ်းမကြီးကို သူတို့ထိန်းချုပ်နိုင်ဖို့ စစ်ထိုးတယ်လို့ သုံးသပ်နိုင်တယ်”ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီက စစ်ကြောင်းသုံးခုခွဲ ၍ ဇန်နဝါရီ ၁၁ရက်တွင် ဝင်ရောက်လာပြီးနောက် တိုက်ပွဲ ဖြစ်ပွားနေရာ ဇန်နဝါရီ ၁၉ ရက်အထိ စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေ ဆုံးထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၉က ပြောထားသည်။
စစ်ကောင်စီစစ်ကြောင်းများသည် ဇန်နဝါရီ ၁၁ရက် နံနက်ပိုင်းကစ၍ (၆)မိုင် ဘုရားကျောင်း နှင့် လမ်းမကြီးတစ်ကျောရှိ နေရာသုံးခုထက်မနည်းတွင် ဝင်ရောက်တပ်စွဲခဲ့သည်ဟု ဆိုသည်။
(၆)မိုင်စံပြကျေးရွာအကြား လမ်းမကြီးတစ်ကျောနှင့် ဘုရားကျောင်းတို့တွင် ခြေကုပ်ယူကာ တပ်စွဲလှုပ်ရှားလျှက်ရှိနေသည့် စစ်ကောင်စီတပ်ကို ဆက်လက်ခုခံထားလျှက်ရှိကြောင်းလည်း KNDF တပ်ရင်း – ၉က အသိပေးသည်။
