ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ဦးကိုဖမ်းဆီးပြီး အမျိုးသမီတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဆိုသောစစ်ထောက်လှမ်းရေးဗိုလ်ကြီးတစ်ဦးကို မိုးကောင်းမြို့နယ်ပြည့်သူကာကွယ်ရေးအဖွဲ့ UG BLACK Kကဖမ်းဆီးပြီး ရှင်းလင်းလိုက်ကြောင်းသိရသည်။
စစ်ကောင်စီ၏ဗန်းမော်တပ်နယ်မှထောက်လှန်းရေးအရာရှိဗိုလ်ကြီး ပိုင်သူစိုး(ခ)မင်းစစ်နိုင် ဆိုသူကို မြစ်ကြီးနား-ဖားကန့်လမ်းတွင် ယနေ့(ဇန်နဝါရီ ၂၈ရက်) နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်တွင် UG BLACK Kက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
“သူ့(ပိုင်သူစိုး)ကိုဖမ်းမိပြီး စစ်ဆေးခဲ့ပါတယ်။သူကတော်လှန်ရေးကာလထဲမှာ PDF တွေကိုဖမ်းခဲ့တယ်။ မိန်းကလေးတစ်ယောက်ကိုလည်း အဓမ္မပြုကျင့်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။ သူ့ဆီကအထောက်အထားတွေလည်းရပါတယ်။ စစ်ဆေးနေရင်းပဲသေဆုံးသွားပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ထောက်လှမ်းရေးအရာရှိဗိုလ်ကြီးပိုင်သူစိုး(ခ)မင်းစိုးနိုင်သည်မိုးကောင်းမြို့သို့ကားနှင့်လာရောက်၍သတင်းစုံစမ်းထောက်လှမ်းနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းထံမှစစ်ဘက်ဆိုင်ရာ အထောက် အထားများနှင့် ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီး တစ် ဦးကို အဓမ္မပြုကျင့်ခဲ့သည့် အထောက်အထားများ ရရှိခဲ့သည်ဟု UG BLACK Kကလည်းထုတ်ပြန်ထားသည်။
ဗိုလ်ကြီး ပိုင်သူစိုးသည် ၂၀၂၁ခု နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၇)ဦး၊ ၂၀၂၂ခု နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် (၄)ဦးကို ဖမ်းဆီးခဲ့သည်ဟုဆိုသည်။
ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့မှ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကိုတောင်ငူခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၃၅၀၁ က လည်း ဇန်နဝါရီ ၂၂ ရက်တွင် အမြန်လမ်း၌ပစ်ခတ်ရှင်းလင်းခဲ့သည်။
