စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်နေ၍ကျေးရွာ ခြောက်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (ဇန်နဝါရီ ၂၈ ရက်)နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကံတော ရွာ၊ ရွှေလှေရွာ၊ တုံရွာ၊ ဆည်းတည်းရွာ၊ ဇီးတောရွာနှင့် ဖောင်းကတာရွာတို့ကို ပစ်ခတ် ဝင်ရောက် စီးနင်းလျက်ရှိပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ချင်းတွင်းတံတားဘက်ကနေလာတာ။ လက်ရှိ ဆားလင်းကြီးနယ်ထဲ စစ်ကြောင်းနှစ်ကြောင်းထိုးနေတယ်။”ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့ပြီး လက်တလောထိခိုက်မှုအခြေအနေမသိရသေးကြောင်း၊ ဖမ်းဆီးခံရသည့်ပြည်သူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ညနေပိုင်းက ဆားလင်းကြီးမြို့ပေါ်မှထွက်လာသောစစ်ကြောင်းသည် ညောင်ပင်ကြီးရဲစခန်းတွင် ညအိပ်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် စစ်ကြောင်းထိုးခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် ဆားလင်းကြီး – ညောင်ပင်ကြီးလမ်းအားအရေးပေါ်အခြေအနေမှလွဲ၍အသုံးမပြုကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
