တိုက်ပွဲများအတွင်းဖမ်းမိခဲ့သည့် RCSS တပ်ဖွဲ့ဝင်စစ်သုံ့ပန်း(၁၁)ဦး နှင့် အကျဉ်းသား (၈)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်းTNLA က သတင်းထုတ်ပြန်သည်။
တပ်သားအဆင့်ရှိ RCSS တပ်ဖွဲ့ဝင်(၁၁) ဦး၏ အမည်များကို ဖော်ပြထားပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဟု ယနေ့(ဇန်နဝါရီလ ၂၈ရက်)ထုတ်ပြန်သည်။

TNLAက ယနေ့လွတ်ငြိမ်းခွင့်ပြုခဲ့သူများတွင် RCSS တပ်ဖွဲ့ဝင် စစ်သုံ့ပန်း (၁၁)ဦးအပြင် အကျဉ်းသား (၈)ဦးလည်း ပါဝင်သည်။
ယခုတစ်ကြိမ်မှာ ၂၀၂၃ခု နှစ်အတွင်း TNLA၏ ဒုတိယအကြိမ် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က နှစ် (၆၀)ပြည့်တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် အကျဥ်းသား (၇၃)ဦးကိုပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်ဟု TNLAသတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးသည်။

ရှမ်းပြည်နယ်၊ တအာင်းပလောင်ဒေသတွင်ဘ အခြေစိုက်သည့်TNLA သည် စစ်ကောင်စီကနိုင်ငံတော်အာဏာသိမ်းသည်ကိုဆန့်ကျင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည်။
