မိုးကုတ်ရတနာမြေတွင် ကျောက်မျက်တူးဖော်ခွင့်အတွက် ကျောက်မျက် လုပ်ကွက် တစ်ကွက်ကို ဒေါ်လာ နှစ်သိန်းဖြင့် ၁၀နှစ်လုပ်ကိုင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လိုက်သည်။
ဘောလုံကြီးလုပ်ကွက် အမှတ်၁အမည်ရှိ ၅၅ဧကကျော်ရှိသောလုပ်ကွက်ကို ရင်းနှီးမြှပ်နှံသူကရှယ်ယာ၄၉ ရာခိုင်နှုန်း၊အများပြည်သူကိုယ်စားအစိုးရကရှယ်ယာ ၅၁ ရာခိုင်နှုန်းဖြင့် NUGက လုပ်ကိုင်ခွင့် ၁၀ သက်တမ်းချပေးမည်ဟုဖော်ပြထားသည်။
ကျောက်မျက်တူးဖော်ရေးကို ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း NUG, စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်က ပြောသည်။
ထိုလုပ်ကွက်သည် ဒေါ်လာ ၁၀သန်းဖိုး အလားအလာရှိနိုင်ပြီး ဒေါ်လာ ၂၃၅,၂၀၀ဖြင့် ရင်းနှီးမြှပ်နှံလုပ်ကိုင်နိုင်မည်ဟု NUG၏ Early Partnership Programက ထုတ်ပြန်ထားသည်။ လုပ်ကိုင်ခွင့်ရရှိသူများသည် နွေဦးတော်လှန်ရေးပြီးမှ လက်တွေ့လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။
“မိုးကုတ်မှာကျောက်မျက်တူးဖော်ခွင့်ကိုရင်းနှီးမြှပ်နှံရင်းနဲ့တော်လှန်ရေးအတွက်ကူညီပါ”ဟုအဂ်လိပ်ဘာသာဖြင့် ဖိတ်ခေါ်ထားသည်ကိုတွေ့ရသည်။
“မိုင်းတွင်းတူးဖော်ခွင့် ၁၀ နှစ် ထုတ်ပေးမယ်။ရင်းနှီးမြုပ်နှံသူတွေက စည်းမျဉ်းများနဲ့ အညီ သင့်လျော်တဲ့ အစီအစဉ်ဆွဲတာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေရှည်တည်တံ့မှုတွေအကဲဖြတ်တာလုပ်ရပါ့မယ်။ သတ္တုတွင်းလုပ်ငန်းကို စနစ်တကျလုပ်ဆောင်ပြီး အမြတ်အစွန်းများစွာရရှိစေမှာဖြစ်ပါတယ်”ဟု NUG၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ဦးစိုးသူရထွန်းကပြောသည်။
ခေတ်အဆက်ဆက်အာဏာရှင်လူတစ်စု၏အကျိုးစီးပွားကိုသာအထောက်အကူပြုခဲ့သည့်ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကို ယခုအခါပြည်သူလူထုအကျိုးစီးပွားကိုဦးတည်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးတင့်ထွန်းနိုင်ကပြောသည်။
NUG က နွေဦးတော်လှန်ရေးရန်ပုံငွေကို ငွေတိုက်စာချုပ်များ ၊အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အိမ်များ ၊ရန်ကုန်နှင့် မန္တလေးတွင် စစ်တပ်သိမ်းထားသောမြေများပေါ်တွင် အိမ်ရာများဖော်ဆောင်၍ ရောင်းချရာမှ ရှာဖေနေရာ ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိထားပြီဖြစ်ကြောင်းဦးတင်ထွန်းနိုင်ကပြောသည်။ရန်ပုံငွေအများစုကို နွေဦးတော်လှန်ရေး တွင် ကာကွယ်ရေးအသုံးစာရိတ်အတွက် အဓိကသုံးစွဲနေသည်ဟုလည်းဆိုသည်။ ယခုအခါ နိုင်ငံတော်၏ သယံဇာတကိုပါနွေဦးတော်လှန်ရေးရန်ပုံငွေအတွက် လုပ်ကွက်ဖော်၍ လေလံခေါ် စတင်ရောင်းချပေးခြင်းဖြစ်သည်။
နွေဦးတော်လှန်ရေးတွင် NUG ၏ ပြည်သူလူထုအင်အားဖြင့် ရန်ပုံငွေရှာဖွေသောအစီအစဥ်များကို နိုင်ငံတကာက ချီးကျူးအသိအမှတ်ပြုကြသည်ကိုတွေ့ရသည်။
