စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းရှိ ညောင်လှကျေးရွာ သုံးကြိမ်မြောက်မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ၂၃ ရက်မှစ၍ ရေဦးနယ်မှတဆင့် ဒီပဲယင်းနယ်သို့ စစ်ကြောင်းထိုးလာပြီး ဇန်နဝါရီ၂၄ ရက်နှင့် ၂၅ ရက်များက ညောင်လှကျေးရွာကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။




ညောင်လှကျေးရွာသည် သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ရွာလုံးကျွတ်နီး မီးလောင် ပျက်စီးခဲ့ရကြောင်း၊ ပြန်လည်တည်ဆောက်ထားသော မီးဘေးသင့်တဲများ၊ အိမ်မွေးတိရစ္ဆာန်များပါမကျန် ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။
ယနေ့နံနက်ပိုင်းတွင် မရကန်၊ တနယ်၊ ရွာသစ်ကျေးရွာများသို့ ဆက်လက်စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံများက ပြောသည်။







ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ပြီး နေအိမ်ပြန်ကပ်နိုင်ခြင်းမရှိသေး၍ အကူအညီများလိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒီပဲယင်းနယ် အရှေ့ခြမ်းတွင် နေအိမ် ၁,၇၀၀ကျော် မီးလောင် ပျက်စီးခဲ့ပြီး ကျေးရွာ ၁၅ရွာအထက်မှ ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
