မွန်ပြည်နယ် ရေးမြို့ရှိစစ်ကောင်စီ၏ ခလရ (၅၉၁) တပ်ရင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ဇန်နဝါရီ ၂၃ရက် မွန်းလွဲ ၃နာရီခန့်တွင် ဒရုန်းစစ် ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ကျောင်းရွာ ၅၉၁ တပ်ထဲကို ဒရုန်းနဲ့ မစ်ရှင်ပြုလုပ်တယ်။ ၄၀ မမ အသီးကို သုံးပြီးတော့ ဒရုန်းနဲ့ဝင်ပစ်တယ်။ ကျနော်တို့မှာ ဒရုန်းစစ်ဆင်ရေးတွေကို စတင်ပြီး လုပ်ကိုင်နေပြီဖြစ်တဲ့အကြောင်း ပြည်သူလူထုကိုချပြတာပေါ့”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်မှု အခြေအနေကို အတိအကျ မပြောဆိုနိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။
ရေးဘီလူးအဖွဲ့သည် ရေးမြို့အခြေစိုက်စစ်ကောင်စီတပ်၊ ရဲ နှင့် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။
