စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် စောင့်ဆိုင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် များ ထိခိုက်သေဆုံးမှုရှိကြောင်း Khin U Special Force Organization-KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (ဇန်နဝါရီ၂၃ ရက်)နံနက် ၇ နာရီခွဲခန့်က ခင်ဦးမြို့နယ်အနောက်ခြမ်း၊ ရေဦးမြို့နှင့်(၂)မိုင်ခန့်သာ ကွာဝေးသော အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချထားသော စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သည် အင်းပတ်ကွေ့တောင်ဘက် ကြက်ခြံသို့ ခြေလျင်တက်လာခဲ့သည်။
သတင်းရသဖြင့် တော်လှန်ရေး ရဲဘော်များက သုံးလုံးတွဲ ပဒေသာမိုင်းဖြင့် စောင့်ဆိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ပြေး ငါးဦးနေရာတင် ပွဲချင်းပြီးသေဆုံး၍ သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပေလမ်းပေါ်မှာလည်း သွေးကွက်တွေ တွေ့ခဲ့ရတယ်။ ရေဦးဘက်မှာလည်း အင်အား နှစ်ရာခန့်နဲ့ စစ်ကြောင်းထိုးနေတယ်။ ခင်ဦးဘက်ကို အာရုံလွှဲတဲ့ပုံစံမျိူးအနေအထားနဲ့ ထွက်လာတဲ့ပုံစံမျိုးလို့ ထင်ရတာပေါ့။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိခိုက်သေဆုံးသူများအား ကားဖြင့်တင်ဆောင်ကာ ရေဦးမြို့ဘက်သို့ သယ်ဆောင်သွားသည် ဟု သိရသည်။
ခင်ဦးနယ်နှင့်ကပ်နေသော ရေဦးမြို့နယ်တွင်လည်း နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကျေးရွာ သုံးရွာ မီးရှို့ဖျက်ဆီးခံထားရသည်။ ပြည်သူနှစ်ဦးသတ်ဖြတ်ခံထားရကာ ကျေးရွာ၁၅ ရွာမှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးနေရသည်။
