▪︎”CDM Policy ထွက်လာတာက ကျနော်တို့ CDM တွေအတွက်အားအင်တစ်ရပ်ပါပဲဗျ” ဟု BEGSC အတွင်းရေးမှုးအဖွဲ့ဝင်ဆရာအောင်မြတ်မိုး
▪︎”ကျနော်တို့ အားကြီးတဲ့ ရန်သူကို တိုက်ခိုက်တဲ့အခါ တဘက်မှာလည်း စည်းရုံးရေးပျက်စေတဲ့ လုပ်ရပ်တွေ ရှောင်ကြဖို့ လိုပါမယ်” တပ်မတော်သား CDM တစ်ဦး
အကြမ်းမဖက်အာဏာဖီဆန်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းကောင်း(CDM)များ၏ တော်လှန်ရေးအတွက် အရေးပါမှုနှင့် စွန့်လွှတ်စွန့်စားမှုများကို အသိအမှတ်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ တရားမျှတမှုရှာဖွေဖော်ထုတ်ပေးခြင်း၊ ပြန်လည်ကုစားပေးခြင်းနှင့်အတူ ဂုဏ်ပြုချီးမြှောက်နိုင်ရေးအတွက် တိကျသော အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန် ‘CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း’ ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်အသိပေးသည်။
JCC-CDM တွင် အတည်ပြုပြီး ပေးပို့တင်ပြထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို NUCC က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မူဝါဒစာတမ်းတွင် အပိုင်း ၃ ပိုင်း၊အခန်း ၅ ခန်း၊ စာမျက်နှာ ၁၄ မျက်နှာပါဝင်ပြီး CDM နိုင်ငံ့ဝန်ထမ်းများနှင့် စပ်လျဥ်းသည့် မူဝါဒများ၊ Non-CDM နိုင်ငံ့ဝန်ထမ်းများကို အရေးယူခြင်း အခန်းများကို ထည့်သွင်းထား သည်။ ယင်းမူဝါဒစာတမ်းကို ပြည်သူလူထု၏ ဆန္ဒနှင့် ဆန့်ကျင်လျက် အကြမ်းဖက်စစ်အုပ်စုအလိုကျဆောင်ရွက်လျက်ရှိသည့် Non-CDM နိုင်ငံ့ဝန်ထမ်းများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ရန် အတွက်လည်း ရည်ရွည်ရေးဆွဲခြင်းဖြစ်သည်ဟု ဆိုသည်။
CDM နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏ ဘဝနှင့် အတ္တကို စွန့်လွှတ်အနစ်နာခံ၍ လူအများအတွက် ရည်ရွယ်ပြီး အခက်အခဲအမျိုးမျိုးကို ကြံ့ကြံ့ရင်ဆိုင်ကာ အကြမ်းဖက်စစ်အုပ်စုကို စဥ်ဆက်မပြတ်တော်လှန်နေကြသည်။ အဆိုပါ CDM များ၏ စိတ်ဓာတ်သည် အထူးမွန်မြတ်ပြီး ဂုဏ်ယူစရာအတိဖြစ်ကာ နွေဦးတော်လှန်ရေး၏ အဓိက မောင်းနှင်အားဖြစ်ခဲ့ကြောင်း မူဝါဒစာတမ်း၏ နိဒါန်း၌ ဖော်ပြသည်။
“CDM Policy ထုတ်ပြန်လာတာကို ဝမ်းသာပါတယ်။ ကျနော်တို့ CDM တွေလိုအပ်နေတာကလည်း ခုလိုမျိုး CDM တွေကို တရားဝင်အသိအမှတ်ပြု ချီးမြှောက်မှုနဲ့ Non CDM တွေကို သူတို့ရဲ့လုပ်ဆောင်မှုအလိုက် ထိုက်သင့်တဲ့အရေးယူမှုလုပ်ပေးဖို့ပါပဲ။ CDM Policy ထွက်လာတာက ကျနော်တို့ CDM တွေအတွက်အားအင်တစ်ရပ်ပါပဲဗျ” ဟု အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ – BEGSC အတွင်းရေးမှုးအဖွဲ့ဝင် ဆရာအောင်မြတ်မိုးက မှတ်ချက်ပြုသည်။
နွေဦးတော်လှန်ရေးတွင် အဆုံးထိ ကြံ့ကြံ့ခံပါဝင်ရန် သန္နိဌာန်ချထားသည့် CDM နိုင်ငံ့ဝန်ထမ်းများ၏ တော်လှန်ရေးခံယူချက်ကို အထူးလေးစားအသိအမှတ်ပြုပြီး တော်လှန်ရေးတွင် ၎င်းတို့၏ ပေးဆပ်မှု၊ ပါဝင်ခဲ့မှုများအပေါ် မူတည်ပြီး နိုင်ငံတော်အဆင့်၊ သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်အလိုက်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များ ချီးမြှင့်ဂုဏ်ပြုပေးခြင်းများ ဆောင်ရွက်မည်ဟု ထည့်သွင်းဖော်ပြသည်။
CDM နိုင်ငံ့ဝန်ထမ်းများအဖြစ် CDM နိုင်ငံ့ဝန်ထမ်းများ၊ CDM ပြည်သူ့ဝန်ထမ်းများ၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် CDM နိုင်ငံ့ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြုသတ်မှတ်ထားသည်။
CDM နိုင်ငံ့ဝန်ထမ်းများအပေါ် မတရားလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တရားမျှတမှုရှိရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် နစ်နာသူများကို တရားမျှတမှုအခွင့်အရေးပေးခြင်း၊ ကျူးလွန်သူများကို ပြစ်မှုဆိုင်ရာ တရားစွဲဆိုခြင်း၊ အပြစ်ကျူးလွန်ကြောင်းထင်ရှားသူကို အပြစ်ပေးခြင်း၊ တာ၀န်ခံမှုယဥ်ကျေးမှုအားကောင်းစေရန် ကျူးလွန်သူများကို လူသိရှင်ကြားဝန်ချတောင်းပန်စေခြင်းတို့ကို လုပ်ဆောင်ရမည်ဟု ဆိုသည်။
ထို့အပြင် Non-CDM နိုင်ငံ့ဝန်ထမ်းများကို အရေးယူခြင်းအခန်းကို ထည့်သွင်းထားရာ Non-CDM ဝန်ထမ်းတစ်ဦးချင်းအလိုက် ၎င်းတို့၏ ပြုမှုဆောင်ရွက်ချက်များအပေါ် မူတည်၍ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်များချမှတ်ခြင်းနှင့် ပြစ်မှုဆိုင်ရာ အရေးယူအပြစ်ပေးခြင်းများဆောင်ရွက်ရမည်ဟု ဖော်ပြသည်။
သို့သော် CDM မူဝါဒစာတမ်းနှင့်ပတ်သက်၍ CDM သတ်မှတ်ချက်ဖော်ပြချက်မှာ ဝိဝါဒကွဲစေသကဲ့သို့ Non-CDM သတ်မှတ်အရေးယူရေးဆိုင်ရာ ဖော်ပြချက်များမှာ ကောင်းကျိုးမဖြစ် စေကြောင်း တပ်မတော်သား CDM တစ်ဦးက ထောက်ပြသည်။
“အခုထုတ်ပြန်လိုက်တဲ့ မူဝါဒက non-CDM ကိုရန်သူဘက်တွန်းပို့နေသလို၊ရန်သူကိုအားကောင်းအောင် လုပ်ပေးသလို ဖြစ်နေပါတယ်။ ကျနော်တို့ အားကြီးတဲ့ ရန်သူကို တိုက်ခိုက်တဲ့အခါ တဘက်မှာလည်း စည်းရုံးရေးပျက်စေတဲ့ လုပ်ရပ်တွေ ရှောင်ကြဖို့ လိုပါမယ်” ဟု ၎င်းကဆိုသည်။
နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို အခြေပြု၍ NUCC က မူဝါဒလေးရပ်ကို ချမှတ်ကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာသည်။
ယင်းတို့မှာ နိုင်ငံ့ဝန်ထမ်း CDM များသည် တိုင်းပြည်ပြောင်းလဲရေးအတွက် တော်လှန်ရေး၏ အရေးပါသည့် အင်အားစုတစ်ရပ် ဖြစ်သည်ကို NUCC အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း၊ CDM နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ပြန်လည် ရှာဖွေဖော်ထုတ်ခြင်းတွင် အသိအမှတ်ပြု မှတ်တမ်းတင်ခြင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်း၊ အမှန်တရားနှင့် တရားမျှတမှု ရှာဖွေခြင်း၊ နစ်နာမှုများကို ပြန်လည်ကုစား ပေးခြင်းတို့ ပါဝင်ကြောင်း ဖော်ပြသည်။
ထို့အပြင် JCC-CDM တွင် အတည်ပြုပြီး ပေးပို့တင်ပြထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို အခြေပြု၍ လိုအပ်သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ဆက်လက်ရေးဆွဲသွားရန် နှင့် နိုင်ငံ့ဝန်ထမ်း CDM များအပါအဝင် ပြည်သူလူထုတရပ်လုံးအပေါ် အာဏာရှင် ထောက်တိုင်များ ဖြစ်ကြသည့် Non-CDM များက လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုများ၊ ရာဇ၀တ်မှုများကို ကျူးလွန်နေကြောင်း သက်သေအထောက်အထားများ တွေ့ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးမှ တရားဝင်အတည်ပြုထားသော သက်ဆိုင်ရာဒေသ ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဟု NUCC က ထုတ်ပြန်သည်။
အဆိုပါမူဝါဒစာတမ်းကိုအောက်ပါလင့်တွင်ဖတ်ရှုလေ့လာနိုင်ပါသည်။https://www.facebook.com/…/posts/pfbid02o9wGCmZ6xMCZC1AAC
(အာဏာလုစစ်ကောင်စီအောက်တွင်တာဝန်မထမ်းဆောင်ဘဲ CDM လုပ်ကြရန် ပြည်သူများက ၂၀၂၁ နှစ်ဆန်းပိုင်းတွင်ဆန္ဒထုတ်ဖော်စဥ်။ဓါတ်ပုံ-AP)
