ဖားကန့်တွင်ရေမဆေး ကျောက်ရှာဖွေသူ အမျိုးသားနှစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီး အလောင်းကို စွန့်ပစ်ထားခဲ့သည်ဟု ဒေသခံများကပြောသည်။
ဖားကန့်မြို့ရှိ ရွှေညောင်ပင်ဆီဆိုင်အနီးတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့်အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့(ဇန်နဝါရီ ၂၂ရက်)နံနက်ကဒေသခံများတွေ့ရှိခဲ့သည်။ အဆိုပါအမျိုးသားနှစ်ဦးမှာလွန်ခဲ့သည့်သုံးရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်သွားသူများဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
“စစ်ကောင်စီကဖမ်းသွားပြီးပျောက်နေတာသုံးရက်လောက်ရှိပြီ။အခုရွှေညောင်ပင်ဆီဆိုင်နားမှာအလောင်းတွေတွေ့တယ်။ အလောင်းတွေကမကြည့်ရက်စရာပဲ” ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်ဒေသတွင်စစ်ကောင်စီတပ်သည် ဒေသခံများနှင့် ရေမဆေးကျောက်ရှာဖွေသူများ၊ ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီများကို နည်းမျိုးစုံ ဖိနှိပ်နေသည်။ ဇန်နဝါရီလ၇ရက်ကလည်း ဖားကန့်မြို့မော်မောင်းလျန်နှင့် ဗလခမှော်အတွင်းသို့ စစ်ကောင်စီးတပ် ဝင်ရောက် စီးနင်းခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူအချို့ကို ဖမ်းဆီးခဲ့သေးသည်။
ဖားကန့်ဒေသတွင် မြန်မာနိုင်ငံနေရာအနှံ့မှလာရောက်ပြီး ရေမဆေးကျောက်ရှာဖွေပြီး အသက်မွေးသူ နှစ်သိန်းခန့်ရှိနေသည်။ စစ်ကောင်စီက ၎င်းတို့ကို မထောက်ခံသော ကုမ္မဏီအချို့ကို ပိတ်သိမ်းခိုင်းခြင်း၊ ယန္တရားများအား မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများအား ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်းဒေသခံများကပြောသည်။
