အနီးရှိ ကျေးရွာက နေအိမ်၂ဝခန့် မီးရှို့ခံရပြီး အမျိုးသားတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွား
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်၊ ထုံးဘိုရွာအနီးရှိ နဂါးနီပြောက်ကျားတပ်ဖွဲ့နယ်မြေစခန်း စီးနင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော် တစ်ဦးနှင့် ပြည်သူတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၁၇ရက် နံနက် ၉ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ထုံးဘိုကျေးရွာသို့ စစ်ကောင်စီဘက်က ပစ်ခတ်ဝင်ရောက်ခဲ့ရာ နဂါးနီပြောက်ကျားတပ်ဖွဲ့စခန်း စီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော်ရဲဇင်ထွန်း ကျဆုံးခဲ့ကြောင်း မတ္တရာမြို့နယ်အခြေစိုက် နဂါးနီပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။
အခြားရဲဘော်နှစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်အား မတ္တရာမြို့နယ် ကောင်းကင်တော်လှန်ရေးအင်အားစုနှင့် စစ်ကိုင်းမြို့နယ် (ပ.က.ဖ)၊ ဝက်လက်မြို့နယ် မဟာမိတ်တပ်ဖွဲ့ များပူးပေါင်း၍ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့က ဆိုသည်။




သို့သော် စစ်ကောင်စီတပ်က ထုံးဘိုရွာရှိ နေအိမ်အလုံး (၂၀)ခန့်နှင့် အသက် (၄၀)နှစ် အရွယ်အမျိူးသားတစ်ဦးအား မီးရှို့သတ်ဖြတ်သွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့က ထပ်မံအသိပေးသည်။
“နှစ်ဦးကျတယ်လို့တော့ကြားတယ်။ ပြည်သူတွေကတော့ နီးစပ်ရာရွာတွေ ကိုင်းတောတွေထဲထွက်ပြေးတိမ်းရှောင်နေရတယ်။”ဟု စစ်ကိုင်းမြို့နယ်ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းအခြေစိုက် တပ်မ (၃၃) ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက် ညပိုင်းက စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ နဂါးနီပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်သည် စဥ့်ကူးနယ်၊ ဧရာဝတီမြစ်ဘေး ကျေးရွာများ၌လည်း တပ်စွဲထားပြီး မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကိုင်း၊ ရွှေဘိုနှင့် ဝက်လက်နယ်များဘက်ကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။
