စစ်ကောင်စီလက်ပါးစေ ရဲသုံးဦးသေဟုဆို
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာ အခြေစိုက်နယ်မြေရဲစခန်း ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်ပါးစေ ရဲသုံးဦးသေဆုံးကြောင်း YGF – ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။
ယန့(ဇန်နဝါရီ ၁၈ရက်) နံနက် ၆နာရီခွဲခန့်တွင် အင်အား ၁၀ဦးခန့်ရှိ အဆိုပါရဲစခန်းကို YGF- ရေးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
မိနစ် ၂၀ခန့်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သတ်မှတ်ချိန်အကန့်အသတ်ကြောင့် စခန်းအား သိမ်းယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။
တိုက်ပွဲတွင် ရဲသုံဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း မြေပြင်သတင်းအရ YGF က ကိုးကားသည်။
“မနက်မိုးလင်းကတည်းက ပစ်ခတ်သံတွေကြားရတော့ ပြေးကြရတာ။လက်နက်ကြီးပေါက်ကွဲသံက မြေကြီးပါတုန်တယ်။ ရဲသုံးဦး ဒဏ်ရာပြင်းထန်တယ်လို့သိရတယ်”ဟု ထင်းရှုးကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
ယခုအချိန်တွင် ရဲဘော်များအားလုံး လွတ်မြောက်နယ်မြေသို့ ပြန်လည်ရောက်ရှိလာပြီးဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
