စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်တွင် ဘုရားထီးတင်ရန် ကင်းလာစောင့်သည့် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းနှင့် ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(ဇန်နဝါရီလ ၁၇ ရက်) နံနက် ၁၀နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ဧရာဝတီမြစ်ဘေး ထုံးဘိုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၁၅လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ တစ်ဦးလည်း ခြေလက်များဖြတ်ကာ မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင် ၂ ဆောင်ကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
“စစ်ကောင်စီတပ်သားတွေက မင်းကွန်းဘုရား ထီးတင်ဖို့ ကင်းစောင့်လာပြီး ဘုန်းကြီး ကျောင်းဆောင် ပြည်သူပိုင်၊ အိုးအိမ်များကိုပါ မီးရှို့ ဖျက်ဆီးသွားတာပါ။”ဟု Wetlet Information Network အဖွဲ့က ပြောသည်။

“ထုံးဘိုတင်မကဘူး။ အဲဒီဘက်မြစ်ကမ်းတလျှောက် ရွာတွေပြေးနေရပြီ။”ဟု စစ်ကိုင်းနယ်ခံတစ်ဦးက ပြောသည်။
အလားတူ ယမန်နေ့ကပင် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ကျေးရွာတစ်ရွာဖြစ်သည့် ဂျပန်ကျွန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ်ငါးဆယ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
