စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းတလျှာက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ၎င်းတို့အထိုင်ချနေရာသို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ကျောက်မြောင်းမြို့ ခမရ (၁၂) မှ စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၂ ရက်မှစ၍ ရွှေဘိုမြို့နယ် တည်ပင်ကျေးရွာ၊ မောင်းတက်ကျေးရွာ၊ အုံးပေါက်ကျေးရွာ၊ တအုံကျေးရွာနှင့် တရော်တောကျေးရွာများကို အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခဲ့သည်။
အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီ ၁၃ ရက်တွင် ရွှေဘိုမြို့နယ်ဲ အုံးပေါက်ကျေးရွာသို့ အင်အား ၄၀ ဦးခန့်ဖြင့် ရောက်ရှိနေသောကြောင့် တာဝေးပစ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း နေလစင်္ကြာ Shwebo PDF အဖွဲ့နှင့် Who Am I အဖွဲ့ပြန်ကြားရေးတာဝန်ခံများက ပြောသည်။

“စစ်ကြောင်းရောက်လာပြီး သူတို့နေရာယူထားတဲ့နေရာတွေသွားပစ်တာပါ။သူတို့ဘက်ကလည်း RPGနဲ့ပြန်ပစ်ပါတယ်။”ဟု နေလစင်္ကြာ Shwebo PDF အဖွဲ့တာဝန်ခံက ပြောသည်။
ထိုနေ့ည ၇နာရီခန့်တွင်လည်း တာဝေးပစ်များဖြင့် ထပ်မံသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ကျောက်မြောင်း ခမရ (၁၂) သို့ သုံးဘီးဖြင့်သယ်သွားခဲ့ကြောင်း Who am I အဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။
“အုန်းပေါက်ရွာက ရွှေဘို – ကျောက်မြောင်းလမ်းပေါ်မှာရှိတာ။ အရင်ကတပ်မစွဲဖူးသေးဘူး။”ဟု Who am I အဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို နေလစင်္ကြာ Shwebo PDF ၊Who am I Army၊Mother Love၊Ghost Rider Special Task Force(Burma)၊ဒေါင်းနီတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား အရေးမကြီးလျှင် အသုံးမပြုကြရန် PDFများက မေတ္တာရပ်ခံထားသည်။
ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်ကရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။
