ကနီမြို့နယ်တွင်စစ်ကောင်စီတပ်ရေယာဉ်ပေါ်မှ သိမ်းဆည်းနိုင်ခဲ့သော ဆန်နှင့်စားသုံးကုန်များကို စစ်ဘေးရှောင်ပြည်သူများထံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ကူညီပေးဝေခဲ့သည်။
ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ စစ်ဘေးရှောင်များကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ကျောက်လုံးကြီးKLG တပ်မဟာက သွားရောက် ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
” စစ်ခွေးတွေရေယာဉ်ကနေ ရတဲ့ရိက္ခာတွေကို မီးဘေးသင့်ပြည်သူတွေနဲ့ အမြဲတမ်းစစ်ဘေးရှောင်တွေဆီဝေတာပါ”ဟု ကျောက်လုံးကြီးKLG တပ်မဟာ ပြန်ကြားရေးအရာရှိကပြောသည်။
ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း ဇန်နဝါရီလ ၃ရက်က တိုက်ပွဲတွင် စစ်ကောင်စီရေယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့သည်။ ထိုရေယာဉ်ပေါ်မှ သိမ်းဆည်းရရှိခဲ့သည့် ဆန် ၃၅အိတ်၊ပဲသုံးအိတ်နှင့်ဆီတစ်ပုံးကို စစ်ဘေးရှောင်ပြည်သူများထံသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ ယနေ့(ဇန်နဝါရီလ ၁၇ရက်ညနေအထိ) တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။
