မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ဘေးရှိ ရွာသာယာကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ဒရုန်းဖြင့်ငါးရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း Adventure – A.S.D အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်နှင့်ပျူများသည် မြို့နယ်အတွင်း ရွာစဉ်လှည့်၍ ပြည်သူများ၏ ပစ္စည်းများအား အဓမ္မသိမ်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေ၍ ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အတွင်း သုံးကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Adventure – A.S.D အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒရုန်း သုံးစီးဖြင့် ဗုံးသီး(၁၂)လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ပျူ သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားသည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။
“အဲရွာက တစ်ရွာလုံးပျူရွာဗျ။ ရွာထဲမှာ စကစကရဲ့ လက်နက်ကြီးတည်နေရာနေကို ချတာ။အဓိကတော့ လက်နက်ကြီးနေရာပေါ့။ တစ်ခါချပြီးရင် ပြန်ပြန်ပစ်တယ်ဗျ။ အဲဒါကိုထောက်ပြီး လက်နက်ကြီးနေရာတွေကိုချတာ။”ဟု Adventure – A.S.D အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သေဆုံးထိခိုက်သူများအား ဖောင်ဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စဉ့်ကူးမြို့သို့သယ်ဆောင်သွားကြောင်းAdventure – A.S.D အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို Adventure – A.S.D၊ကောင်းကင်တော်လှန်ရေးအင်အားစု (ပြင်ဦးလွင်ခရိုင်ပကဖ)၊ ADRFတော်လှန်ရေးအင်အားစု_မတ္တရာ၊Peacock Soldier Maadaya၊ Peacock Warrior Force Madaya၊ SKY HERO – Madaya၊ စဥ့်ကူးမြို့နယ် ပကဖတို့ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မဟာမိတ် (၇) ဖွဲ့လုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
စဥ့်ကူးနယ်၊ ဧရာဝတီမြစ်ဘေး ကျေးရွာများ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် စဥ့်ကူးနယ်တင်မကဘဲ မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ ရွှေဘိုနှင့် ဝက်လက်နယ်များဘက်ကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။
