စစ်ကောင်စီတပ်မှ ရှစ်ဦးနှင့် ပျူနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိဟု ဖော်ပြ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ ပစ်မှတ်နေရာ လေးခုကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း (၃၇၀၂) ဒရုန်းတပ်ဖွဲ့က ဇန်နဝါရီ ၁၃ရက်မှ ၁၅ရက်နေ့အတွင်း တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်း PDFက အသိပေးထုတ်ပြန်ထားသည်။
“မဟာမိတ်အဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် PDFတပ်ရင်း (၃၇၀၂)ဒရုန်းတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီ၏ ပစ်မှတ်(၄)ခုအား ဒရုန်းဖြင့်(၈)ကြိမ်၊ တပ်ခွဲ၁က မိုင်းခွဲမှု(၁)ကြိမ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၈)ဦးနှင့် ပျူစောထီး နှစ်ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ထောက်ပို့တံတား(၁)ခု ပျက်စီးခဲ့သည်” ဟု ဖော်ပြထားသည်။ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
တိုက်ခိုက်ခဲ့သည့်နေရာများမှာဇန်နဝါရီ ၁၅ရက်ကကျောက်ကြီး မြို့နယ် နောင်ကုန်းရွာနှင့် လယ်ဝိုင်းကြီးရွာသစ်၊ဇန်နဝါရီ ၁၃ရက်တွင် ကျောက်ကြီး – နတ်သံကွင်းလမ်းပေါ် ဘုံသတောတံတား၊ ဇန်နဝါရီ ၁၄ရက်တွင် ဘုံသတောတံတားလာပြင်သည့် စစ်ကောင်စီတပ်တို့ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်ဟုအသိပေးထားသည်။
ဇန်နဝါရီ၁၅ရက် နံနက် ၉နာရီတွင် နောင်ကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော နေရာအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
နေ့လည်ပိုင်းတွင်လည်း လယ်ဝိုင်းကြီးရွာသစ်ရှိ စစ်ကောင်စီတပ်ဖွဲ့အား ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးစစ်ကောင်စီတပ်၏ သေဆုံးထိခိုက်အခြေအနေကို ဆက်လည်အတည်ပြုနေသည်ဟု ဖော်ပြသည်။
ဇန်နဝါရီ၁၃ရက် နံနက်က ကျောက်ကြီး- နတ်သံကွင်း လမ်းပေါ် ဘုံသတောတံတားရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးနှင့် ပျူစောထီး နှစ်ဦး သေဆုံးခဲ့ကြောင်း အသိပေးထားသည်။
အဆိုပါ တံတားအားလာရောက်ပြင်ဆင်သည့် စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၁၄ရက်တွင် ဒရုန်းဖြင့် လေးကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ် ဦးသေဆုံးခဲ့ပြီး လေးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
PDF တပ်ရင်း (၃၇၀၂)၊ မြေပြင်တပ်ဖွဲ့ တပ်ခွဲ (၁)က ပဲနွယ်ကုန်း-နတ်သံကွင်း လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ထောက်ပို့အသုံးပြုနေသော နရွဲပင်တံတားကိုလည်း ဇန်နဝါရီ ၁၄ရက် ညနေပိုင်း၌ ဖောက်ခွဲဖျက်စီးခဲ့သည်ဟု အဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သပ်၍ ပဲခူးတိုင်းPDF သို့ဆက်သွယ်မေးမြန်းရန်People’s Spring ကကြိုးစားသော်လည်းဆက်သွယ်မရသေးပါ။
