ကော့နွဲ့ရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ် မီးရှို့၊စစ်ဘေးရှောင်များတိုးလာ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင် သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က ယနေ့ (ဒီဇင်ဘာ ၂၇ရက်)တွင် လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သည်ဟု ဒေသခံက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ် ပစ်ခတ်၍ ဒေသခံ ရွာသား တစ်ဦး လက်တွင်ဒဏ်ရာရခဲ့ပြီး ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဆိုသည်။

“မနက်ကတော့ ရွာသစ်ရွာသာတစ်ယောက်လက် ထိသွားတယ်။ အိမ်မီးရှို့တာလည်းရှိတယ်။ စစ်ဘေးရှောင်က ရွာတွေထပ်ရှောင်လာတာရှိတယ်။ မြို့ဟောင်းတို့ရွာတွေ ကော့နွဲ့၊ရွာသစ်တို့ ထပ်ရှောင်လာပြီ။ မောင်းမရွာသစ်ရယ် သာယာကုန်းတို့လည်း ထပ်ရှောင်လာပြီ။ အဲဒါဆိုတော့ စစ်ဘေးရှောင် ပိုများလာတယ်”ဟု ကော့ကရိတ်ဒေသခံက ယနေ့ စစ်ရေးအခြေအနေကို ပြောပြသည်။

၎င်းက ဆက်လက်၍ “တိုက်ပွဲကလည်း နေ့စဉ်ဖြစ်တယ်။ လေယာဉ်ကလည်း တစ်နေကုန်ဝဲတယ်။ လေယာဉ် လာပစ်သွားတာ ၂ကြိမ်ပစ်သွားတယ်။ နောက်တစ်ခါ ကင်းထောက်လေယာဉ်တွေ တောက်လျှောက်ပဲ။ အခု မိုးချုပ်ပိုင်းမှာ တော့ လက်နက်ကြီးတွေ အရမ်းကို လိုက်ထုနေတယ်။ ရွာထိခိုက်နစ်နာမှု အားလုံးတော့ မသိရသေးဘူး။ အိမ်က ဘယ်နှစ်လုံးမီးရှို့ခံရတယ်ဆိုတာ မပြောနိုင်သေးဘူး။ သူများပြောတာ လေးလုံးတို့ ငါးလုံးတို့လို့တော့ ပြောတယ်”ဟု ပြောသည်။

ကော့နွဲ့ရွာ မီးလောင်မှုမှာ စစ်ကောင်စီတပ်က မီးရှို့ခြင်းဖြစ်ပြီး အိမ်ခြေမည်မျှမီးလောင်သည်ကို မသိရသေးဟု ဆိုသည်။

ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၆ရက်မှစ၍ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှု ၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတို့ကြောင့် အရပ်သားသေဆုံးထိခိုက်မှုများရှိနေသည်ဟု ဒေသခံက ပြောသည်။
