စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာများသွားရောက်ပေးပို့သည်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ပြည်သူလူထုဆီ စားနပ်ရိက္ခာမရောက်ရေး ဟန့်တားနေသည်။
ဒီဇင်ဘာ ၂၅ရက်က မြောင်မြို့နယ် ညောင်ကားယားကျေးရွာရှိ စစ်ဘေးသင့်ပြည်သူများအား ပြည်သူ့ကာကွယ်ရေးရဲဘော်များက စားနပ်ရိက္ခာများ သွားပို့ဆောင်စဥ် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးနှင့်အဖွဲ့ CDSOM တာဝန်ခံ ကိုနွေဦးက ပြောသည်။
“တောထဲမှာ ပုန်းနေရပြီး စားဖို့မရှိတော့ဘူးလို့ လှမ်းအကူအညီတောင်းလို့ သွားပို့တဲ့ရဲဘော်တွေကို မြစ်တစ်ဘက်ကမ်းကနေ လှမ်းပစ်တာ။ အမြန်လူစုခွဲလိုက်လို့ အထိအခိုက်တော့မရှိခဲ့ဘူး”ဟု ကိုနွေဦးက ပြောသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်များရော ပြည်သူ့ကာကွယ်ရေးရဲဘော်များပါ လူစုခွဲလိုက်ကြရသည်။ နောက်ထပ်နာရီအနည်းငယ်ကြာမှ စစ်ဘေးရှောင်များဆီ ခရီးဆက်နိုင်ခဲ့သည်ဟု ပြည်သူ့ကာကံယ်ရေးရဲဘော်တစ်ဦးကပြောသည်။
“တောထဲတွင် တိမ်းရှောင်နေကြသော စစ်ဘေးရှောင်များကို စားသောက်ရိက္ခာများသွားရောက်လှုဒါန်းရာ မြစ်အရှေ့ဘက်ကမ်းမှ (၆၀)မမနဲ့လှမ်းပစ်လို့ ချက်ခြင်းလူစုခွဲကာ အခြားနေရာသို့ရွှေ့ပြောင်းခဲ့ကြရတယ်။တစ်နေရာဆီပြန့်ကျဲကုန်ကြတဲ့ပြည်သူတွေကိုပြန်စုပီး ခွဲဝေပေးခြင်းပြန်လုပ်ခဲ့ ရတယ်”ဟု CDSOM က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၆ရက်နှင့် ၂၇ရက်တွင်လည်း စစ်ဘေးရှောင်ပြည်သူများရှိရာနေရာများသို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေသည်။ သို့သော် မြောင်၊ ရေစကြို၊ ချောင်းဦးနှင့် မြင်းမူမြို့တို့မှ ဒေသတွင်းပြည်သူ့မဟာမိတ်တပ်ဖွဲ့များသည် စစ်ဘေးရှောင်ပြည်သူများထံ သွားရောက်ထောက်ပံ့မှုများ ပြုလုပ်နေသည်။
ယမန်နေ့( ဒီဇင်ဘာ ၂၇ရက်)ကလည်း ရေစကြိုနှင့်မြောက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများနှင့်အသုံးအဆောင်ပစ္စည်းများကို မြောင်လူငယ်ကွန်ယက် YFC၊ CDSOM၊ Pdf – Taloke ၊ မြင်းမူ CRF တို့က သွားရောက်လှူဒါန်းခဲ့ကြသည်။
