စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့၍ ဘုရားထွက်ရွာနှင့် ကြည်ကျေးရွာတို့မှ နေအိမ် ၇၀၀ ခန့် မီးလောင်ကျွမ်းခဲ့ကာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာ၂၆ ရက်) ညနေ ၅နာရီခန့်က ဒီပဲယင်းမြို့ပေါ် ဆရာစံခန်းမမှ ထွက်လာသော တပ်ရင်း (၇၀၁)၏ အင်အား(၆၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။




ဘုရားထွက်ရွာတွင် နေအိမ် ၄၀၀ခန့် မီးလောင်ကျွမ်းခဲ့ကာ ၁၅အိမ်ခန့်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ကြည်ရွာတွင် အိမ်ခြေ ၃၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်က ဂူတော်ကြီးကျောင်း၌ စစ်ရှောင်နေသည့် ဒေသခံပြည်သူ ၂၀ခန့်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း၊အမျိုးသား သုံးဦးနှင့်အမျိုးသမီး ၁၇ ဦးခန့်ပါရှိကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ကြည်ရွာ၊ ဘုရားထွက် ကျေးရွာများရှိ နေအိမ်များအပြင် ဆန်၊ စပါး၊ အသုံးဆောင်ပစ္စည်းများစွာကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း အဖြူရောင် DPY ပကဖအဖွဲ့က ပြောသည်။




“ကြည်ရွာထဲ ရှင်းလင်းရေးဝင်ချိန် ပြည်သူပိုင်နေအိမ်အတွင်းမှာလဲ စကစ အလောင်း လို့ ယူဆရတဲ့ အလောင်း(၁)လောင်းတွေ့တယ်။”ဟု အဖြူရောင် DPY ပကဖအဖွဲ့က ပြောသည်။
ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာအတွင်းကျေးရွာ (၂၂)ရွာက အိမ်ခြေ ၂,၉၀၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ အာဏာသိမ်းကာလတလျှောက် ဒီပဲယင်းမြို့နယ်အတွင်း နေအိမ်ပေါင်း ၄,၂၀၀ကျော်ခန့် မီးရှို့ဖျက်ဆီးခံရပြီး မီးလောင် ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။
