စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မြေးအဘွားနှစ်ဦးအပါအဝင် ခုနစ်ဦးထက်မနည်းထိခိုက်ခဲ့ပြီး (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြောင် CDSOMအဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောကြားသည်။
ယနေ့ (ဒီဇင်ဘာ ၂၃ ရက်)နံနက် ၁၀ နာရီခန့်က ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာဘက်မှ မြစ်အနောက်ဘက်ကမ်း မြောင်မြို့နယ် ညောင်ကားယားကျေးရွာအတွင်းသို့ (၆၀) မမ သုံးလုံး၊ အတွဲလိုက်အီနာဂါများအား ဒရုန်းဖြင့်နှစ်ကြိမ်ကြဲချရာ ဒေသခံ ပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းက ပြောသည်။
ထိခိုက်သူများအနက် အိမ်တွင်ရှိနေသော မြေးအဘွား နှစ်ဦး၏ ရှေ့သို့ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါ မြေးအဘွားနှစ်ဦးလုံး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
” ဖြစ်ဖြစ်ချင်း ရပ်ရွာကာကွယ်ရေးအဖွဲ့များကသတင်းပေး အကူအညီတောင်းလာကြလို့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ ဒဏ်ရာရပြည်သူတွေကို အချိန်မီကုသနိုင်ရေးကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အသက်လုကုရမယ့် ဝေဒနာရှင်တွေရှိလာလို့ နွေဦးရောင်နီဆေးခန်း ဆက်ပို့တာ ကလေးငယ်က လမ်းမှာပဲ ဆုံးပါးသွားခဲ့ရပါတယ်။”ဟု ကိုနွေဦး(မြောင်)က ပြောသည်။
အဘွားဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ပြီး ကြိုးစားကုသရမည့်အခြေနေဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြောင်နယ်အတွင်းရှိ ကျေးရွာများက ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
