စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ ဆယ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကို ပစ်ခတ်ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်သွားသည်။
စစ်ကောင်စီတပ်သည် ဆယ်ရွာအတွင်းသို့ ယနေ့(ဒီဇင်ဘာလ ၂၀ရက်)နံနက် ၅နာရီခန့်တွင် ရောက်လာပြီး စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးသတ်ဖြတ်ခံရသူသည် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒေါင်းစစ်သည်မှ ရဲဘော် ကိုမြတ်သူအောင်ဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDSOM) တာဝန်ခံ ကိုနွေဦးက ပြောသည်။
“မနက်အစောကြီးဝင်လာတော့ အငိုက်မိသွားပြီး ကို မြတ်သူအောင် အဖမ်းခံလိုက်ရတာ။ စ…(စစ်ကောင်စီတပ်သား)လက်ထဲကနေ သေနတ်လုပြီး ပြန်ပစ်တာမှာ နောက်ကနေ အပစ်ခံလိုက်ရတယ်။ ကိုမြတ်သူအောင်ကို မီးလည်းရှို့သွားတယ်”ဟု ကိုနွေဦးက ပြောသည်။
ကိုမြတ်သူအောင်၏ အလောင်းကို ရွာလယ်တွင် ချထားခဲ့သည်ဟု သိရသည်။
ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် CDSOM ၏ လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်သည်။
စစ်ကောင်စီတပ်သည် ဆယ်ရွာဒေသခံ ၁၀၀ခန့်ကိုလည်း ဖမ်းဆီးရိုက်နှက်ပြီး နံနက် ၁၀နာရီခန့်တွင် ကျေးရွာမှ ထွက်ခွာသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။ ၎င်းတို့စစ်ကြောင်းကို မတိုက်ခိုက်ရန်နှင့် တိုက်ခိုက်ပါက ရွာကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သွားခဲ့သည်ဟု ဆိုသည်။
