စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်မီးရှို့နေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ထားကြောင်း ဒေသခံများက ပြောသည်။
ယခင်ရက်ပိုင်းကတည်းက ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး မီးရှို့နေသော စစ်ကောင်စီတပ်သည် ယနေ့(ဒီဇင်ဘာလ ၂၃ ရက်)တွင် ဒီပဲယင်းမြို့နယ်၊ အနောက်တောင်ဘက်ခြမ်းကျေးရွာများအား ဝင်ရောက်နေ၍ နယ်ခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ယနေ့မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒီပဲယင်းမြို့နယ် ကြည်ဘုရားထွက်ကျေးရွာအတွင်းကျရောက်ပြီး ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

“ကလေးတွေအပြင် နွားများလည်းထိမှန်ခဲ့ကြောင်း ကနဦးသိရပါတယ်။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်သည် ယခင်ရက်ပိုင်းအတွင်းကပင်ဒီပဲယင်းမြို့နယ် ချောင်းပေါက်ကျေးရွာ ပြည်သူ့နေအိမ် ၃၂ လုံး ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့သည်။

ယမန်နေ့(ဒီဇင်ဘာလ ၂၂ ရက်)ညနေ ၅ နာရီခွဲခန့်က စစ်ကောင်စီ စစ်ကြောင်းကို ဒေသတွင်း PDFများက ပျံကျကျေးရွာအနီး၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ ထို့နောက် ပျံကျရွာအား မီးဝင်ရှို့သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်အထိ ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူနေအိမ် ၁,၇၀၃လုံး မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အာဏာသိမ်းကာလတစ်လျှောက် မီးရှို့ဖျက်ဆီးခံရမှု နေအိမ် ၃,၀၀၀ ကျော်သွားပြီဖြစ်သည်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖျက်ဆီးနေ၍ မုံရွာ – ဒီပဲယင်း – ရေဦး ကားလမ်းအား ယာဥ်များအသွားအလာ ရပ်နားပေးကြရန် ဒေသတွင်းအဖွဲ့များက မေတ္တာရပ်ခံထားသည်။
