— ရဲခေါင် / People’s Spring
“အန်တီ့ သားလေး ဖြစ်ရပ်ကို သင်ခန်းစာယူကြပါ။သွားရေး၊လာရေးမှာဂရုစိုက်ကြပါ။ သားလေးလိုမျိုး နောက်နောင် ကလေးလေးတွေမဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပါတယ်”ဟု ဒေါ်သန်းသန်းက မျက်ရည်များဖြင့် ရင်ဖွင့်သည်။
ဒေါ်သန်းသန်းမှာ အောက်တိုဘာ ၁၂ ရက်တွင် လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက် မှုဇုန်၊မီးသတ်ဝိုင်းအနီး ပစ္စည်းပို့ရင်း လုယက်အသတ်ခံခဲ့ရသောအသက် ၂၄ နှစ်အရွယ် Bee Express ဝန်ထမ်းကိုရဲဇော်၏ မိခင် ဖြစ်သည်။

လောင်းကစားမလုပ်၊အသောက်အစားမရှိ၊ရသမျှ ပိုက်ဆံကိုခြွေတာသုံးစွဲတက်သည့် ကိုရဲဇော်သည် အသက်အရွယ်နှင့်မလိုက် မိသားစုတာဝန် ကျေ ပွန်သူဟုလည်း ပတ်ဝန်းကျင်နှင့် လုပ်ငန်း ခွင်၌ သတ်မှတ်ခံထားရသော လူငယ်တစ်ဦး ဖြစ်သည်။
အဖြစ်ဆိုးကြီးမဖြစ်ပွားမီအထိ ညီမ အငယ်ဆုံး၏ ပညာ ရေးအပါအဝင် လိုအင် ဆန္ဒများကိုပါ အကိုကြီး အဖ ရာ အနေဖြင့် ဖြည့်စွမ်းပေးနေသူဟုလည်း ဒေါ်သန်းသန်းက ဆိုပါသည်။
“သူက လိမ္မာရေး ခြားအရှိဆုံး။ရတဲ့ပိုက်ဆံကို သူ နေခဲ့တဲ့ သူ့အမ အကြီးဆုံးကို အပ်တယ်။အန်တီ့ကို ပေးတယ်။အမ အကြီးဆုံးက တစ်ရက်၁၀၀၀ (ကျပ်)လောက်အောင်သုံးဆိုလည်း အဲဒါနဲ့ ရအောင်သုံးတာ”ဟု ကိုရဲဇော်အကြောင်းပြောပြသည်။
သားဖြစ်သူ လုယက်သတ်ဖြတ်ခံရမှုတွင် ကျူး လွန်သူများကို ဖမ်းမိရေးမှာ ဒေါ်သန်းသန်း၏ လိုအင်ဆန္ဒဖြစ်သည်။
သို့သော် တစ်လခန့်ကြာသည်အထိ ကိုရဲဇော်၏ အမှုနှင့်ဆက်စပ်၍ ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးပေ။
ကိုရဲဇော်ကဲ့သို့ လျစ်လျူရှုခံထားရသော လု ယက်မှု၊ဓားပြမှု နှင့် အနုကြမ်းစီးမှုများမှာ ရန်ကုန် မြို့တွင် တစ်စထက်တစ်စ ပိုများလာနေသည်။ရန်ကုန်တွင်သာမက မန္တလေးအပါအဝင် နေရာအစုံတွင်လည်း ဒုစရိုက်မှုများပိုမိုများပြားလာသည်။

နိုဝင်ဘာ ၂ ရက်နေ့ကပင် ရန်ကုန်မြို့လယ်၊ လူစည်ကားလှသောပန်းဘဲတန်းမြို့နယ် ၂၆ လမ်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ခုတွင် နေခင်းကြောင်တောင်ဓားဖြင့်ထိုးကာလုယက်မှုဖြစ်ပွားခဲ့သေးသည်။
ထိုဖြစ်စဥ်တွင်လည်း ကျူးလွန်သူများကို ဖမ်းမိနိုင်ရန် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံရဲများက ကြိုး ပမ်းနေသည်ဟု စစ်ကောင်စီထုတ်ပြန်၊ပြောဆိုသည့်အတိုင်း ရေးသားဖော်ပြပေးနေသောမီဒီယာများတွင်မူဖော်ပြထားသည်။
ခရီးသည်ယာဥ်လိုင်းများတွင်ပါ ပေါ်ပေါ်ထင်ထင် ဓားပြတိုက်မှုများပါ ရှိလာနေပြီး ပြည်သူများ၏နေစဥ်ဘဝလုံခြုံမှုမရှိတော့သည်ကို အာဏာသိမ်း စစ်တပ်၏အောက်တွင် ထင်ရှားလာသည်။
“ခေတ်က တကယ်ပျက်နေပြီလေ။တရားဥပဒေစိုးမိုးမှုက ရှိမှ မရှိတော့တာ။အားကြီးတဲ့သူ၊အုပ်စု တောင့်ပြီး ဓား ပြ ခြောက်တဲ့သူတွေကို ကြောက်နေရတာ”ဟု ရန်ကုန်မြို့ခံ မအင်ကြင်းက လက်ရှိ အခြေအနေကိုပွင့်ပွင့်လင်းလင်းပြောသည်။
နိုဝင်ဘာ ၆ ရက်က ဘုရင့်နောင်တံတား အဆင်း လှိုင်သာယာဘက်ခြမ်း၌ ပစ္စည်းပို့သူတစ်ဦး လုယက်ခံရပြီး ပြန်လည်ခုခံသောအခါ အက်စစ်ဖြင့်အပက်ခံလိုက်ရပြန်သည်။
ထိုသို့ ပြစ်မှုကျူးလွန်သူများအား စစ်ကောင်စီရဲများက ဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက်အချို့မှုခင်းများတွင် ပြည်သူများအချို့ကအချင်းချင်းချိတ်ဆက် သတင်းပေးခြင်း၊ လူအုပ်ဖြင့် ဝိုင်းဝန်းဖမ်း ဆီး ကာ ရဲစခန်းသို့ သွားရောက် အပ်နှံရမှုများလည်း ရှိနေသည်။
စက်တင်ဘာ ၁၁ရက် နံနက်အစောပိုင်းကကြည့်မြင်တိုင်မြို့နယ်၌ ကားမှန်များအား ဝက်အူလှည့် တစ်ချောင်း အသုံးပြု၍ လိုက်လံခိုးနေသူတစ်ဦးအား ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီး၍ ရဲစခန်းသို့အပ်နှံပေးခဲ့သည်။
အောက်တိုဘာ ၁၉ရက်နေ့ကလည်း အင်းစိန်မြို့ ၌ လူသုံးဦးမှ ဆိုင်ကယ်ကယ်ရီနှစ်စီးအား ငှါးရမ်းစီးနင်းကာ လမ်း၌ ဓါးထောက် လုယက်မှု ဖြစ်ပွားခဲ့သည်။ လုယက်ခံရသူ ဆိုင်ကယ်မောင်းနှင်သူ တစ်ဦး၏ အော်ဟစ် အကူအညီ တောင်းမှုကြောင့် ဒေသခံများ ဝိုင်းဝန်းဖမ်းဆီးရာ လုယက်သူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။
အလားတူ “BE CAREFUL STAY ALERT DON’T GET HURT” (ဘေးအန္တရာယ်မဖြစ်အောင် မထိခိုက်အောင် ဂရုစိုက်ကြပါ ၊သတိနဲ့နေကြပါ)ဟူသော လုယက်၊အနုကြမ်းစီးမှုများ မဖြစ်ခင်ကြိုတင်ကာကွယ်ရန် ပြည်သူအချင်းချင်း သတိပေးသည့် အချက် အလက်များ လူမှုကွန်ယက်၌ ထပ်ဆင့် ဖြန့်ဝေလျက် ရှိသည်။
အပြင်သွားလျင် ပိုက်ဆံအိတ်ကို လက်၌မကိုင်ရန်၊ပုခုံးတွင် မလွယ်ရန် ၊ဖုန်း ခဏခဏ အသုံး မပြုရန်၊ဘဏ်မှငွေထုတ်လျှင် အဖော်ခေါ်သွား ရန် နှင့် လူပြတ်သည့် နေရာများရှောင်ရန်ပြည်သူချင်းသတိပေးကြသည်။
ထို့အတူ မိမိလျှောက်နေသည့် လမ်း၊ မောင်းနေသည့်ကား ၏ ရှေ့၊နောက်၊ဝဲ၊ယာ ၌ သံသယဖြစ်ဖွယ် ပါ၊ မပါ စစ်ဆေးရန် အသိပေးသည်။အိမ်မှာနေသူများဆိုလျှင်လည်း တံခါးအမြဲပိတ်ထားရန် နှင့် အသက်ကြီးသူများ၏ လုံခြုံရေးအရေး ကြီးကြောင်းလည်း တိုက်တွန်ထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့အပြားလုယက်မှုများ အပါအဝင် မှုခင်းဖြစ်စဉ်များစွာမှာ နေ့စဉ် ပုံစံမျိုးစုံဖြင့် ဖြစ်ပွားနေသည်။ ထိုမှုခင်း ဖြစ်စဉ်အများစု၏ ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိခဲ့ခြင်း မရှိပေ။

စစ်ကောင်စီကိုခုခံတော်လှန်မှုအားကောင်းသောဒေသများတွင် အခြေအနေများက ပြောင်းပြန်ဖြစ်သည်။ PDF နှင့် ဒေသခံကာကွယ်ရေးတပ်များ စိုးမိုးထားသည့်နေရာများတွင် ရာဇဝတ်မှုများလျော့နည်းလာသည်ဟု ပခုက္ကူခရိုင်အတွင်း ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။ရာဇဝတ်မှုများဖြစ်ပါက ကျေးရွာကာကွယ်ရေးနှင့်လုံခြုံရေးတပ်များက တာဝန်ယူဖြေရှင်းကြကြောင်း၎င်းကရှင်းပြသည်။
“ကျေးရွာတွေဘက်မှာတော့ ခိုးဆိုးလုယက်ကြတာမရှိဘူး။ ရာဇဝတ်မှုတွေလည်း ကြောက်စရာမလိုဘူး။ စစ်ကြောင်းထိုး(စစ်ကောင်စီတပ်)တဲ့ အချိန်ဘဲ ကြောက်နေရတယ်”ဟု ၎င်းကဆက်ပြောသည်။
ရာဇဝတ်မှုများသည် သာမာန်ပြည်သူချင်းဖြစ်ပွားသည့် ရာဇဝတ်မှုနည်းပါးပြီး စစ်ကောင်စီတပ်နှင့်ပျူစောထီးများကကျူးလွန်သည့် ကိစ္စရပ်များသာရှိသည်။ထိုပြင်စစ်ကြောင်းထိုးပြီးချိန်တွင် အခြားရွာမှ လာရောက်လုယက်များရှိခဲ့သော်လည်း ယခုက ကျေးရွာလုံခြုံရေးအဖွဲ့များက အကာကွယ်ပေးသဖြင့် ဖြစ်စဉ်များနည်းပါးသွားသည်ဟု ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။ သို့သော် လောလောဆယ်တွင် မြို့များကို စစ်ကောင်စီတပ်က ထိန်းထား၍ မြို့နေ ပြည်သူများမှာတော်လှန်ရေးအဖွဲ့များ၏ ပြည်သူ့အုပ်ချုပ်ရေး ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ အုပ်ချုပ်ရေး ၊ဝန်ဆောင်မှုတို့နှင့် အလှမ်းဝေးနေသေးသည်။
ရိုးသားစွာလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြူနေသော သားဖြစ်သူအား သတ်ဖြတ်သွားသောတရားခံများကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေး၍ ဒေါ်သန်းသန်းတစ်ယောက် မချင့်မ ရဲဖြစ်နေသည်။ လုယက်၊အကြမ်းဖက် ကျူးလွန်နေသူများ လွတ်မြောက်နေခြင်းအပေါ် “မကောင်းတဲ့သူတွေများလာတော့ ကောင်းတဲ့သူတွေ ဒုက္ခရောက်မှာပဲ စိုးရိမ်တယ်”ဟု သူ၏ အမြင်ကိုပြောသည်။
ရာဇဝတ်မှုများထူပြောလာခြင်းနှင့်ပတ်သပ်၍ ပြည်တွင်းလူနေမှုစစ်တမ်းများ စာတမ်းပြုစုခဲ့သည့် ကိုသူရိန်က “စစ်တပ်ရဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတာတွေအားလုံးက သူတို့နဲ့ အလုံးစုံသက်ဆိုင်တယ်။အခုလို မိုက်ကြေးခွဲလုယက်မှုတွေ၊လုယက်သူတွေကို လျစ်လျူရှုပြီး စစ်တပ်ကို ပုန်ကန်သူတွေကိုပဲ အဓိကထား ဖမ်း ဆီးနေသမျှ ကာလပတ် လုံး ပြည်သူတွေအနေနဲ့လည်း ဘယ်တော့မှ လုံခြုံနိုင်မှာမဟုတ်သလို နိုင်ငံရဲ့အခြေခံစနစ်တွေဖြစ်တဲ့ စီးပွားရေး၊ကျန်း မာရေးက အစ ပြိုလဲနေသမျှ ဒီလိုပေါ်ပေါ်ထင်ထင်ခိုးယူလုယက်မှုတွေကပိုများလာဖို့ပဲရှိတယ်။ဆင်းရဲလာတော့ ရိုးသားမှုနည်းလာတယ်။ ဒီကနေတဆင့် စစ်တပ်က နိုင်ငံရေး အမြတ်ထုတ်ဖို့လုပ်နေတာ”ဟု မှတ်ချက်ပြုသည်။
ပြည်သူအချင်းချင်းသတိပေးသူများ
“အခုအချိန်က ပြဿနာက ကိုယ်နဲ့အနီးအနားမှာအချိန်ပြည့်နီးပါးရှိနေပါတယ်။မလုံခြုံတာကိုဂရုစိုက်သတိထားရင်မလိုလားအပ်တာတွေကို အနည်ဆုံးရှောင်နိုင်ပါလိမ့်မယ်”ဟုအကြံပြုထားသည်။
