နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက နောက်ဆုံးလက်ကျန် ၅ မှု မှာ သက်သေတွေအားလုံးကို စစ်ဆေးပြီးပြီဖြစ်လို့ လာမယ့် တနင်္လာနေ့ ( ဒီဇင်ဘာလ ၂၆ ) အပြီးသတ်လျှောက်လဲချက်ပေးပါတော့မယ်။
လက်ကျန် ၅ မှုဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်စီချလို့ရတဲ့ အဂတိအမှုတွေဖြစ်ပြီး NLD အစိုးရ လက်ထက် သဘာဝဘေးမှာ သုံးဖို့ ရဟတ်ယာဉ် ဌားရမ်းတာ ၊ဝယ်ယူတာတွေမှာ နိုင်ငံဘဏ္ဍာငွေ နစ်နာလို့ဆိုပြီး စစ်ကောင်စီက တရားစွဲဆိုထားတာပါ။
ဒီအမှုတွေအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက NLD အစိုးရ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ အစိုးရအဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်သေအဖြစ် နေပြည်တော်အချုပ်ထောင်ကစစ်ကောင်စီတရားရုံးမှာ သက်သေထွက်ဆိုခဲ့ပါတယ်။
သူတို့ ၂ ဦး ထွက်ဆိုရာမှာ NLD အစိုးရဟာ ရဟတ်ယာဉ်ကိစ္စ လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်ခဲ့တာလို့ ထွက်ဆိုကြောင်း တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။
မနေ့က တော့ အမှုအတွက် သက်သေတွေအားလုံးကိုစစ်ဆေးပြီးပြီဖြစ်လို့ လာမယ့် တနင်္လာနေ့မှာအပြီးသတ် လျှောက်လဲချက်ပေးဖို့ စစ်ကောင်စီတရားရုံးက ချိန်းဆိုလိုက်ပါတယ်။
ဒါကြောင့် မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ လက်ကျန်အမှုတွေကို အပြီးဖြတ်ဖို့ ရှိနေပါတယ်။
လက်ရှိအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။
ဓာတ်ပုံ − AP
