NLD အစိုးရ မန္တလေး စည်ပင်ဝန်ကြီး ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ ကို လွတ်ရက်စေ့ပေမယ့်ပြန်မလွှတ်ဘဲ ထပ်တိုးစွဲထားတဲ့ အမှုတွေအတွက်စစ်ကောင်စီက အိုးဘိုထောင်တွင်းတရားရုံးမှာ စစ်ဆေးမှုတွေ စတင်လုပ်နေပါတယ်။
ဆူပူအောင်လှုံဆော်မှုနဲ့အာဏာသိမ်းပြီးနောက် ဖမ်းဆီးကာ ထောင် ၂ နှစ်စီချထားတဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက လွတ်ရက်စေ့ခဲ့တာပါ။
ဒါပေမယ့်စစ်ကောင်စီက ပြန်မလွတ်ဘဲ နိုင်ငံပိုင်ပစ္စည်းအလွဲသုံးမှု ရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ထပ်တိုးတရားစွဲတာကို လုပ်ခဲ့ပါတယ်။
အဲဒီပုဒ်မ ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်တသက်အထိ ချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။
ဒီလို ထပ်တိုးတရားစွဲထားတဲ့ အမှုအတွက် စစ်ကောင်စီရဲ့ သက်သေတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက အိုးဘိုထောင်တွင်း စစ်ကောင်စီတရားရုံးမှာ စတင်စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေသိရပါတယ်။
ဒေါက်တာရဲလွင်တို့ကို အမှုထပ်တိုးရာမှာ မန္တလေးစည်ပင်ပိုင် ယာဉ်တွေ GPS တပ်တဲ့ကိစ္စ၊ စီစီတီဗီတပ်ရာမှာ တင်ဒါမခေါ် ဘူးဆိုပြီး အကြောင်းပြထားတယ်လို့စုံစမ်းသိရပါတယ်။
ဒါပေမယ့် အဲဒီကိစ္စတွေအဂတိမမြောက်တဲ့အတွက် အဂတိတိုက်ဖျက်ရေးကော်မရှင်က ပယ်ချထားခဲ့တာလို့သိရပါတယ်။
