▪︎အာဏာသိမ်းစစ်ခေါင်းဆောင်ကဂုဏ်ပြုငွေပေး
နေပြည်တော်တွင်ယမန်နေ့ညကပြုလုပ်ခဲ့သည့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပဒေသာကပွဲ၌ ပြဇာတ်ကပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းထားသည့် ဇာတ်ဝင်ခန်းအချို့ ထည့်သွင်းကပြ ၍ တိုက်ခိုက်ဝါဒဖြန့်သွားကြောင်း ပြည်သူများက ပြောသည်။
ယမန်နေ့ (နိုဝင်ဘာလ ၂၆ ရက်နေ့)ည ၆ နာရီခွဲခန့်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟုဆိုကာ စစ်ကောင်စီကနေပြည်တော်၊မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ပဒေသာကပွဲ ပြုလုပ်ခဲ့သည်။

ထိုပဒေသာကပွဲအား အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်းတက်ရောက်ခဲ့သည်။ ထိုပွဲကို MRTVကလည်း တိုက်ရိုက်လွှင့်ခဲ့သည်။
ထိုပွဲ၌ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က “ပျော်ရွှင်ခြင်းအိမ်”ပြဇာတ်ကို စီစဥ်ညွန်ကြားကပြစေခဲ့သည်။ ထိုပြဇာတ်တွင် ရန်အောင်၊ ရဲအောင်၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသဥ္ဇာဦး၊ မုဏ်း၊ ငြိမ်းချမ်း၊ ဒိန်းဒေါင်၊ စိုးသီဟ၊ နွဲ့နွဲ့စန်းနှင့် အမေများအဖွဲ့၊ MRTV4 Presenter ဟောင်း တေဇာကျော်၊ မေသင်းကိုတို့က ပါဝင်ခဲ့သည်။
ပြဇာတ်မှာ မိခင်ကြီးသေဆုံးသွားပြီးနောက် ကျန်ရစ်သူမိသားစုဝင်များ အမွေလိုက်ရှာပြီး တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်ကြသော ဇာတ်လမ်းဖြစ်ကြောင်း ကြည့်ရှုလိုက်ရသူများက ပြောသည်။
ထိုပြဇာတ်၌ ဆံထုံးထုံးထားသော အမျိုးသမီးကြီးတစ်ဦးပုံတစ်ပုံဘေးတွင် အမွှေးတိုင်တစ်တိုင်ထွန်းကာ ရက်လည်နေ့မြင်ကွင်းအဖြစ် ပြသထားသည်။
နာရေးအိမ်လာသောအမျိုးသမီးကြီးတစ်ဦးက”သူတို့အမေရက်လည်ကလည်း လူမလာပါ့လား။”ဟု ပြောဆိုရာ ဒေါ်နွဲ့နွဲ့စန်းက “ဘယ်လာပါ့မလဲ။ သူတို့ညီအစ်ကိုတွေကလည်း တစ်ရပ်လုံးနဲ့မတည့်တဲ့ဟာတွေ။ နောက်ပြီး စိတ်ရင်းကလည်းညံ့ အတွေးအခေါ်ကလည်းညံ့ ဘယ်လာပါ့မလဲ။”ဟု ပြောဆိုခဲ့သည်။
ထို့အပြင် သေလွန်ပြီးအမေ၏ ကိုယ်ရေးအချက်အလက်ကိုသားသမီးများက ပြောဆိုသည့်အခါ အမေမှာ အသက်၇၅မှ၈၅နှစ်အတွင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“အမေက ပိန်ပိန်သေးသေးပါ။”ဟု ရဲအောင်က ပြဇာတ်၌ ထည့်သွင်းပြောကြားသည်။
“အဘွားကြီးပစ္စည်းတွေ သွားရှာမလို့လား။ မရှာနဲ့ ဘာဆိုဘာမှမရှိဘူး။ အဘွားကြီးက ဘာပစ္စည်းမှမထားခဲ့ဘူးရှင်းလား။” ဟု သရုပ်ဆောင်စိုးသီဟက ပြဇာတ်ဇာတ်ဝင်ခန်းတွင် ပြောသည်။
အရှေ့တံခါး အနောက်တံခါးများ လုံခြုံအောင်ပိတ်ရန်ဆိုသည့်စကားများလည်း ထည့်သွင်းပြောကြားခဲ့ကြသည်။
ထိုပြဇာတ်၌ သေဆုံးသူအမေဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်အား ရည်ရွယ်ထည့်သွင်းထားခြင်းဖြစ်ကြောင်း ပြည်သူများက ပြောသည်။
“၈၈ တုန်းက အဖေနဲ့သားများလိုလုပ်တာ။ ဒီပြဇာတ်က ပိုဆိုးတယ်။ ဒေါသတော်တော်ထွက်တယ်။”ဟု ပြဇာတ်ကြည့်ခဲ့သောပြည်သူတစ်ဦးက ပြောသည်။
“မတရားဖမ်းဆီးထောင်ချခံနေရတဲ့သူကို အခုလိုတိုက်ခိုက်ကြတာအတော်သူရဲဘောကြောင်နဲ့သူတွေ ။အခုလိုပြဇာတ်ခန်းနဲ့ကပြတာက ယတြာချေချင်တာလည်းဖြစ်နိုင်တယ် ။မင်းအောင်လှိုင်ကယတြာတွေ ဗေဒင်တွေအတော်ယုံတာကို ။ စစ်ခေါင်းဆောင်အကြိုက် ကပြတဲ့အနုပညာသမားတွေကလည်း အတော်စိတ်ပျက်ရွံရှာဖို့ကောင်းတယ် ။သူတို့အားလုံးကိုပြည်သူတွေဒဏ်ပြန်ခပ်ရမယ်”ဟု ပြည်သူတစ်ဦးကလည်းပြောသည်။
အသက် ၇၆ နှစ်အရွယ်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်အုပ်စုက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရားသဖြင့်ဖမ်းဆီး၍နှစ်ရှည်ထာင်ဒဏ်များချမှနိုင်သော ပုဒ်မ ၁၀ ခုဖြင့် တရားစွဲဆိုထားသည်။လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားသော နေပြည်တော်ထောင်အခြေအနေမှာ ရန်ကုန်အင်းစိန်ထောင်ထက်ပိုဆိုးကြောင်းလည်း ဖမ်းဆီးထောင်ချခံရာမှမကြာသေးမီက လွတ်မြောက်လာသော သြစတြေးလျနိုင်ငံသားစီးပွားရေးပညာရှင်မစ္စတာရှောင်တာနယ်လ်ကပြောသည်။
ထိုပွဲစီစဥ်သူများအနက် ဂရိတ်ဦးဖိုးစိန်၏ မျိုးဆက် ပတ္တမြားကေခိုင်လည်း ပါဝင်ခဲ့သည်။ ပတ္တာမြားကေခိုင်နှင့် တင်မောင်ဆန်းမင်းဝင်းတို့သည် ယခင်ကလည်း လှည်သားငါးရာပြဇာတ်ကို နေပြည်တော်၌ သွားရောက်ကပြပေးခဲ့ဖူးပြီး စစ်ကောင်စီအတွက် အားကြိုးမာန်တက်ဆောင်ရွက်ပေးတတ်သူများဖြစ်သည်။
ထိုပဒေသာကပွဲတွင် ဒါရိုက်တာကျော်ဇောလင်း(အ တွေးပုံရိပ်)၊ ဝိုင်း၊ တင်မောင်ဆန်းမင်းဝင်း တို့တာ ဝန်ယူတင်ဆက်သည့် “လွတ်လပ်ရေးနေ့ဂုဏ်ပြုအစီအစဉ်”၊ သဘင်အစည်းအရုံးမှ အနုပညာရှင်များကပြသည့် “သုံးပန်ချီ သုံးပန်လှ(အပျိုတော်ကြီး)”၊ တေးသံရှင်ကေတုဝင်းထွဋ်၊သန်းမြတ်စိုး၊ရွှေထိုက်တို့က သီဆိုဖျော်ဖြေခဲ့ကြသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ရုပ်သံလိုင်း MRTVက ကြေညာသည်။
လွတ်လပ်ရေးနေ့ဂုဏ်ပြုသီချင်းဟုဆိုသော “စိန်ရတုတိုင်ခဲ့ပြီ”သီချင်းအား တေးသံရှင် ထူးအယ်လင်း၊ဇင်သူဇာထွန်း၊ဇင်သူသူထွန်း၊မင်းသားလေးတို့ကလည်းသီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ဒါရိုက်တာကိုသက်(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)မှ “ပြန်လည်ဆုံတွေ့ကြရာဝယ်”နှစ်သံတစ်ကိုယ်တင်ဆက်မှုဖြင့်ဖျော်ဖြေကာ လူရွှင် တော် Talent ပြိုင်ပွဲတေးသံရှင်ပူစူး၊ဝိုင်းလမင်းအောင်၊အမေများအဖွဲ့နှင့်မမများအဖွဲ့၊ ထား၊ L ဆိုင်းဇီ၊ ရွှေယမင်းဦးတို့ကဖျော်ဖြေခဲ့ကြသည်။
ထို့ပြင် မြန်မာပြည်သိန်းတန်နှင့်အဖွဲ့က“ကောင်းသောည”တေးဂီတဖျော်ဖြေမှု၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးက မွန် ပြည်နယ်မှစိုးသဘင်မင်းဗိုလ်ဇာတ်အဖွဲ့မှ ဖျော် ဖြေကာ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်) မှလည်း “စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအစီအစဉ်”တို့ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် အာဏာသိမ်းစစ်ခေါင်းဆောင်ကထိုအနုပညာရှင်ဆိုသူများအား ဂုဏ်ပြုပန်းခြင်းနှင့်ဂုဏ်ပြုဆုငွေများပေးခဲ့သည်။ ထိုပဒေသာကပွဲအား နိုဝင်ဘာ ၂၆ ရက်မှစ၍ ၅ ရက်တိုင်တိုင်ကျင်းပမည်ဟုဆိုသည်။
