လေကြောင်း၊ လက်နက်ကြီးများဖြင့် ဒေသခံများအား ပစ်မှတ်ထားတိုက်ခိုက်နေဟု ဖော်ပြ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် (မူတြော်)ခရိုင် တပ်မဟာ(၅)နယ်မြေ၌ ဒီဇင်ဘာလဝက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့သည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း ကော်သူးလေ ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နယ်မြေ၌ တိုက်ပွဲ ၇၈ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၁ဦး သေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီ၏ စခန်းအတွင်းရှိ အဆောက်အဦး ခုနစ်ခု ကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း KNLA တပ်မဟာ(၅) ဘက်မှ သုံးဦး ကျဆုံးခဲ့ပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။
စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ် တိုက်လေယာဉ်များဖြင့် ၉ကြိမ် လာရောက် ဗုံးကြဲခဲ့ရာ ဗုံး ၆၄ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ကျေးရွာများ နှင့် ဒေသခံများ ၏ လုပ်ငန်းခွင် လယ်ယာ၊ တောင်ယာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်ဗုံးကြဲမှုများကြောင် ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု အသိပေး ဖော်ပြထားသည်။
