ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီး ကော့နွဲ့ကျေးရွာတွင် ဒီဇင်ဘာလ(၁၉)ရက် နေ့လည်(၁)နာရီအချိန်ခန့်ကစတင်၍ စစ်ကောင်စီစစ်ကြောင်းနှင့် KNLA PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ပွဲသည် အချိန်အတော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း အနီးအနားကျေးရွာများ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ခံရသဖြင့် ရွာသူ၊ ရွာသားများနှင့် ကလေးသူငယ်များသည် ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးမှ ယနေ့တွင်ထုတ်ပြန်ထားသည်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် PDF ရဲဘော်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲပြင်းထန်နေသည့်အတွက် မြ၀တီ-ကော့ကရိတ်အာရှလမ်းမအား ယာယီဖြတ်သန်းခွင့်ကို စစ်ကောင်စီမှ ပိတ်ပင်ထားကြောင်း NUG ၏ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ချက်အရ သိရသည်။
